Salmos 53

BURCBCM

1 မိုက်မဲသူတို့က ဘုရားမရှိဟု မိမိတို့၏ စိတ်နှလုံးအတွင်း၌ ဆိုကြ၏။ သူတို့အားလုံးပင် အဂတိလိုက်စားကြပြီး စက်ဆုပ်ဖွယ်အမှုတို့ကို ကျူးလွန်ကြ၏။ ကောင်းမြတ်သည့်အရာကို ပြုလုပ်သူဟူ၍ တစ်ဦးမျှ မရှိကြပေ။

2 ဘုရားသခင်သည် မိမိအား ရှာဖွေသူများ၊ သိမြင် နားလည်တတ်သူများရှိ၊ မရှိသိမြင်နိုင်ရန် လူသားတို့ကို ကောင်းကင်မှ ငုံ့ကြည့်တော်မူ၏။

3 သို့သော် လူတိုင်းပင် လမ်းလွဲခဲ့ကြလေပြီ။ သူတို့အားလုံး အကျင့်စာရိတ္တပျက်ပြားကြ၏။ ကောင်းမြတ်သည့်အရာကို ပြုလုပ်သူဟူ၍ တစ်ဦးမျှမရှိပေ။ တစ်ဦးမျှပင်မရှိပေ။

4 မကောင်းမှုကို ပြုသူတို့သည် အသိတရားမရှိကြပါသလော။ သူတို့သည် ငါ၏လူမျိုးတော်ကို ပေါင်မုန့်စားသကဲ့သို့ စားကြပြီး ဘုရားသခင်ကိုလည်း မတမ်းတကြပေ။

5 သူတို့မူကား တစ်ကြိမ်မျှမကြုံဖူးသော ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်လျက်ရှိကြ၏။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့အား တိုက်ခိုက်သူတို့၏ အရိုးများကို ကွဲလွင့်စေခဲ့၏။ ထိုသူတို့သည် အရှက်တကွဲဖြစ်ကြရလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် သူတို့ကို ငြင်းပယ်တော်မူလေပြီ။

6 အစ္စရာအဲလ်လူမျိုးတို့၏ ကယ်တင်ခြင်းသည် ဇီအွန်တောင်ပေါ်မှ ထွက်ပေါ်လာပါစေသော်။ ဘုရားသခင်သည် မိမိလူမျိုးတော်၏ စည်းစိမ်ဥစ္စာကို ပြန်လည်ပေးအပ်တော်မူသောအခါ ယာကုပ်သည် ရွှင်လန်းဝမ်းမြောက်လိမ့်မည်။ အစ္စရာအဲလ်သည်လည်း ပျော်ရွှင်မြူးထူးပါလိမ့်မည်။

Ler em outra tradução

Comparar lado a lado