1 ကောင်းကင်ဘုံ၌ စိုးစံတော်မူသော ကိုယ်တော်အား အကျွန်ုပ်မျှော်ကြည့်ပါ၏။-
2 အစေခံတို့သည် မိမိတို့သခင်၏လက်ကို ကြည့်သကဲ့သို့လည်းကောင်း၊ အစေခံမိန်းကလေးသည် မိမိသခင်မ၏လက်ကို ကြည့်သကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏ သနားကရုဏာတော်ကို အကျွန်ုပ်တို့မခံစားရမချင်း အကျွန်ုပ်တို့သည် မိမိတို့၏ အရှင် ထာ၀ရဘုရားသခင်အား မျှော်ကြည့်လျက်ရှိပါ၏။
3 အကျွန်ုပ်တို့ကို သနားတော်မူပါ။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ပြင်းထန်စွာခံရသောကြောင့်ဖြစ်ပါ၏။-
4 အကျွန်ုပ်တို့သည် ကောင်းစားနေသော သူတို့၏ကဲ့ရဲ့ခြင်းနှင့် မာနထောင်လွှားသောသူတို့၏ မထီမဲ့မြင်ပြုခြင်းကို ကြာမြင့်စွာ ခံစားခဲ့ကြရပါပြီ။