1 ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အစဉ်ထာ၀ရတည်တော်မူ၏။
2 ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် အစဉ်ထာ၀ရတည်တော်မူကြောင်း အစ္စရာအဲလ်လူမျိုးတို့ဝန်ခံကြပါစေ။-
3 ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အစဉ်ထာ၀ရတည်တော်မူကြောင်း အာရွန်၏အမျိုးအနွယ်တို့ ဝန်ခံကြပါစေ။-
4 ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်သည် အစဉ်ထာ၀ရတည်တော်မူကြောင်း ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူတို့ ဝန်ခံကြပါစေ။
5 ဘေးဒုက္ခများကြုံတွေ့ရသောအခါ ငါသည် ထာ၀ရဘုရားသခင်ကို ခေါ်တပါ၏။ ကိုယ်တော်သည်လည်း နားညောင်း၍ ငါ့ကိုဘေးဒုက္ခမှ လွတ်မြောက်စေတော်မူ၏။-
6 ထာ၀ရဘုရားသခင်သည် ငါ့ဘက်၌ ရှိတော်မူသောကြောင့် ငါ၌ကြောက်ရွံ့စရာမရှိ။ လူသည် ငါ့ကိုမည်သို့ပြု မူနိုင်မည်နည်း။-
7 ထာ၀ရဘုရားသခင်သည် ငါ့ကိုကူညီရန် ငါ့အနားတွင် ရှိတော်မူသောကြောင့် ငါ့ကိုမုန်းတီးသောသူတို့အပေါ် အောင်နိုင်သူ၏ အကြည့်ဖြင့် ငါကြည့်ရှုမည်။-
8 လူကို အားကိုးခြင်းထက် ထာ၀ရဘုရားသခင်ကို အားကိုးခြင်းသည် ပို၍ကောင်း၏။-
9 မင်းညီမင်းသားတို့ကို အားကိုးခြင်းထက် ထာ၀ရဘုရားသခင်ကို အားကိုးခြင်းသည် ပို၍ကောင်း၏။
10 လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းရံကြသော်လည်း ထာ၀ရဘုရားသခင်၏ နာမတော်အားဖြင့် ငါသည် သူတို့ကို ချေမှုန်းသုတ်သင်ခဲ့၏။-
11 သူတို့သည် ငါ့ကိုဝိုင်းရံတိုက်ခိုက်ကြ၏။ သူတို့သည် ငါ့ကို အဘက်ဘက်မှ ဝိုင်းရံကြသော်လည်း ထာ၀ရဘုရားသခင်၏ နာမတော်အားဖြင့် ငါသည် သူတို့ကို ချေမှုန်းသုတ်သင်ခဲ့၏။-
12 သူတို့သည် ပျားများကဲ့သို့ ငါ့ကိုဝိုင်းအုံကြသော်လည်း သူတို့သည် ဆူးချုံကိုလောင်သော မီးကဲ့သို့ လျင်မြန်စွာငြိမ်းသွားကြ ၏။ ထာ၀ရဘုရားသခင်၏နာမတော်အားဖြင့် ငါသည် သူတို့ကို ချေမှုန်းသုတ်သင်ခဲ့၏။-
13 ငါသည် ပြင်းထန်စွာ တိုက်ခိုက်ခြင်းခံရသောကြောင့် အရေးနိမ့်လျက်ရှိသော်လည်း ထာ၀ရဘုရားသခင်သည် ငါ့ကိုကူညီစောင်မတော်မူ၏။-
14 ထာ၀ရဘုရားသခင်သည် ငါ၏ခွန်အားနှင့် ငါသီဆိုရာသီချင်းဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါ၏ကယ်တင်ခြင်း ဖြစ်တော်မူ၏။
15 အောင်ပွဲခံရသောကြောင့် ဖြောင့်မတ်သော သူတို့၏တဲများ၌ ဝမ်းမြောက်ဝမ်းသာ သီဆိုကြသော သီချင်းသံများကို နားထောင်ကြလော့။ ထာ၀ရဘုရားသခင်၏ လက်ယာလက်တော်သည် အားတန်ခိုးကြီးစွာ လုပ်ဆောင်တော်မူပြီ။-
16 ထာ၀ရဘုရားသခင်၏ လက်ယာလက်တော်သည် ချီးမြှောက်ခြင်းခံရ၏။ ထာ၀ရဘုရားသခင်၏ လက်ယာလက်တော်သည် အားတန်ခိုးကြီးစွာ လုပ်ဆောင်တော်မူပြီ။-
17 ငါသည် သေရလိမ့်မည်မဟုတ်။ ငါသည် အသက်ရှင်သန်လျက် ထာ၀ရဘုရားသခင် လုပ်ဆောင်တော်မူသော အမှုအရာတို့ကို ပြန်လည်ပြောဆိုမည်။-
18 ထာ၀ရဘုရားသခင်သည် ငါ့ကိုပြင်းထန်စွာ ဆုံးမ သော်လည်း ငါ့ကိုသေစေရန် စွန့်ပစ်ထားတော်မမူပေ။
19 ဖြောင့်မတ်ခြင်း၏ တံခါးတို့ကို ငါ့အတွက် ဖွင့်ပေးကြလော့။ ငါသည်ဝင်၍ ထာ၀ရဘုရားသခင်အား ကျေးဇူးတင် ချီးမွမ်းပါမည်။
20 ဤတံခါးသည် ထာ၀ရဘုရားသခင်၏ တံခါးဖြစ်၏။ ဖြောင့်မတ်သောသူတို့သည် ဤတံခါးမှ ဝင်ကြလိမ့်မည်။
21 ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်း၍ အကျွန်ုပ်၏ကယ်တင်ခြင်း ဖြစ်တော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။-
22 တိုက်ကိုဆောက်သောသူတို့ စွန့်ပစ်ထားသောကျောက်သည် ထောင့်ချုပ်ကျောက်ဖြစ်လာ၏။-
23 ဤသည်ကား ထာ၀ရဘုရားသခင် လုပ်ဆောင်တော်မူသော အမှုအရာဖြစ်၏။ ၎င်းသည် ငါတို့မျက်စိထဲတွင်မူကား အံ့ဩဖွယ်ကောင်းလှပေ၏။-
24 ဤနေ့ရက်သည်ကား ထာ၀ရဘုရားသခင် စီရင်တော်မူသောနေ့ရက်ဖြစ်၏။ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းစွာ ကျင်းပကြကုန်စို့။-
25 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့ အသနားခံကြပါသည်။ အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့အား အောင်မြင်ခြင်းကို ပေးတော်မူပါ။ အကျွန်ုပ်တို့ အသနားခံကြပါ၏။
26 ထာ၀ရဘုရားသခင်၏ နာမတော်နှင့် ကြွလာသောသူသည် မင်္ဂလာရှိတော်မူ၏။ အကျွန်ုပ်တို့သည် ထာ၀ရဘုရားသခင်၏ အိမ်တော်ထဲမှ ကိုယ်တော့်ကို ကောင်းချီးပေးကြပါ၏။-
27 ထာ၀ရဘုရားသခင်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့အား အလင်းကိုပေးတော်မူ၏။ သစ်ခက်သစ်လက်များကို ကိုင်ဆောင်လျက် ယဇ်ပလ္လင်၏ဦးချိုတိုင်အောင် စီတန်းလှည့်လည်ကြလော့။
28 ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားဖြစ်တော်မူ၍ အကျွန်ုပ်သည် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူပါ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါမည်။
29 ထာ၀ရဘုရားသခင်သည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ ကိုယ်တော်၏ ကရုဏာတော်သည် အစဉ်ထာ၀ရ တည်တော်မူ၏။