1 ယာကုပ်အမျိုးအနွယ်ဖြစ်သော အစ္စရာအဲလ်လူမျိုးသည် လူမျိုးခြားနိုင်ငံဖြစ်သော အီဂျစ်ပြည်မှ ထွက်ခွာလာသောအခါ၊-
2 ဂျုဒအမျိုးသည် ထာ၀ရဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ဖြစ်လာ၏။ အစ္စရာအဲလ်သည် ကိုယ်တော်၏ နိုင်ငံတော်ဖြစ်လာ၏။
3 ပင်လယ်သည် မြင်သောအခါ ထွက်ပြေးလေ၏။ ဂျော်ဒန်မြစ်သည် မစီးဆင်းဘဲ နောက်သို့ပြန်လှည့်လေ၏။-
4 တောင်တန်းများသည် သိုးကြီးများကဲ့သို့လည်းကောင်း၊ တောင်ငယ်များသည် သိုးငယ်များကဲ့သို့လည်းကောင်း ခုန်ပေါက်ပြေးလွှားကြ၏။
5 အသင်ပင်လယ်၊ မည်သည့်အကြောင်းကြောင့် ထွက်ပြေးရသနည်း။ အသင်ဂျော်ဒန်မြစ်၊ မည်သည့်အကြောင်းကြောင့် နောက်ပြန်လှည့်ရသနည်း။-
6 အသင် တောင်တန်းတို့၊ မည်သည့်အကြောင်းကြောင့် သိုးများကဲ့သို့ ခုန်ပေါက်ပြေးလွှားကြသနည်း။ အသင်တောင်ငယ်တို့၊ မည်သည့်အကြောင်းကြောင့် သိုးငယ်များကဲ့သို့ ခုန်ပေါက်ပြေးလွှားကြသနည်း။
7 အသင်မြေကြီး၊ ယာကုပ်၏ဘုရားသခင်ရှေ့တော်ဖြစ်သော ထာ၀ရဘုရားသခင်၏ရှေ့တော်တွင် တုန်လှုပ်ပါလော့။-
8 ကိုယ်တော်သည် ကျောက်ဆောင်ကို ရေအိုင်ဖြစ်စေ၍ မာကျောသော ကျောက်တုံးများအကြားတွင် စမ်းရေကိုစီးဆင်း စေတော်မူ၏။