1 ဆိုးယုတ်သောသူတို့၏ အကြံဉာဏ်ကို ငြင်းပယ်လျက် အပြစ်ကျူးလွန်သော သူတို့၏လမ်းစဉ်ကို မလိုက်သည့်အပြင် ဘုရားမဲ့သူတို့နှင့်လည်း မိတ်ဖွဲ့ခြင်း မပြုသောသူသည် မင်္ဂလာရှိ၏။-
2 သူသည် ထာ၀ရဘုရားသခင်၏ ပညတ်တရား၌မွေ့လျော်၍ ကိုယ်တော်၏ ပညတ်တရားကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့ တတ်၏။-
3 ဤသူသည်ကား စမ်းချောင်းအနီးတွင် စိုက်ထား၍ အသီးသီးချိန်တန်လျှင် အသီးကိုသီးပြီး အရွက် မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ဤသူပြုလုပ်သမျှသော အမှုကိစ္စတို့သည် အောင်မြင်တတ်၏။
4 ဆိုးယုတ်သောသူတို့မူကား ထိုကဲ့သို့မဟုတ်ဘဲ လေတိုက်ရာတွင် လွင့်ပါသွားတတ်သော ကောက်ရိုးမျှင်နှင့် တူကြ၏။-
5 ထို့ကြောင့် အပြစ်ကျူးလွန်သူတို့သည် တရားစီရင်ဆုံးဖြတ်တော်မူသော ကာလ၌ ရပ်တည်နိုင်ကြလိမ့်မည်မဟုတ်။ သူတို့သည် ဖြောင့်မတ်သောသူတို့၏ အစုအဝေးတွင် ပါဝင်ကြရလိမ့်မည်မဟုတ်။-
6 အဘယ်ကြောင့်ဆိုသော် ထာ၀ရဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ သူဆိုးယုတ် တို့၏ လမ်းစဉ်မူကား ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။