Salmos 98

BURCBCM

1 ထာ၀ရဘုရားသခင်အား သီချင်းသစ်ကို သီဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်အမှုများကို လုပ်ဆောင်တော်မူပြီ။ ကိုယ်တော်၏ လက်ယာလက်တော်နှင့် သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော့်အတွက် အောင်ပွဲကို ရစေတော်မူ၏။-

2 ထာ၀ရဘုရားသခင်သည် မိမိ၏ကယ်တင်တော်မူခြင်းကို ထင်ရှားစေ၍ မိမိ၏ဖြောင့်မတ်မှန်ကန်ခြင်းကို လူမျိုးတကာတို့အား ဖော်ပြတော်မူ၏။-

3 ကိုယ်တော်သည် အစ္စရာအဲလ်အမျိုးသားတို့အပေါ်၌ မိမိ၏မေတ္တာတော်နှင့် သစ္စာတော်တို့ကို အောက်မေ့တော်မူ၏။ မြေကြီးစွန်းအပေါင်းတို့သည်လည်း ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကို မြင်ကြရလေပြီ။

4 မြေကြီးသားအပေါင်းတို့၊ ထာ၀ရဘုရားသခင်ထံတော်သို့ ရွှင်လန်းစွာဟစ်အော်ကြလော့။ ကျယ်လောင်စွာ အော်ဟစ်၍ ဝမ်းမြောက်ဖွယ်သီချင်းကို တစ်ခဲနက် သီဆိုကြလော့။-

5 စောင်းတီး၍ ထာ၀ရဘုရားသခင်အား တီးမှုတ်သီဆိုကြလော့။ တူရိယာများကို တီးမှုတ်၍ သီဆိုကျူးအေးကြလော့။-

6 ဘုရင်မင်းမြတ်တည်းဟူသော ထာ၀ရဘုရားသခင် ရှေ့မှောက်တော်တွင် တံပိုးခရာတို့ကိုမှုတ်၍ ရွှင်လန်းစွာ အော်ဟစ်ကြလော့။

7 ပင်လယ်နှင့် ပင်လယ်တွင်း၌ ရှိသမျှသောအရာတို့သည်လည်းကောင်း၊ ကမ္ဘာပေါ်တွင်နေထိုင်သောသူ အပေါင်းတို့သည် လည်းကောင်း ချီးမွမ်းကြွေးကြော်ကြပါစေ။-

8 မြစ်တို့သည်လည်း လက်ခုပ်တီးကြ၍ တောင်တန်းများသည် ရွှင်လန်းဝမ်းမြောက်သဖြင့် အတူတကွသီချင်း သီဆိုကြပါစေ။-

9 အကြောင်းမူကား ထာ၀ရဘုရားသခင်သည် မြေကြီးသားအပေါင်းတို့ကို တရားစီရင်ရန် ကြွလာတော်မူလိမ့်မည်။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်မှန်ကန်ခြင်းဖြင့်လည်းကောင်း၊ လူအပေါင်းတို့ကို တရားမျှတမှုဖြင့်လည်းကောင်း စီရင်တော်မူလိမ့်မည်။

Ler em outra tradução

Comparar lado a lado