1 ဘုရားသခင်သည် ငါတို့အား ကရုဏာသက်၍ ကောင်းချီးပေးတော်မူပါစေ။ ကိုယ်တော်၏ ရွှေမျက်နှာတော်သည်လည်း ငါတို့အပေါ် ထွန်းတောက်ပါစေ။-
2 ကိုယ်တော်၏လမ်းစဉ်များကို ကမ္ဘာမြေကြီးပေါ်တွင်လည်းကောင်း၊ ကိုယ်တော်၏ ကယ်တင်တော်မူခြင်းကို လူမျိုးတကာတို့ အလယ်တွင်လည်းကောင်း ထင်ရှားတော်မူပါစေ။-
3 အိုဘုရားသခင်၊ လူမျိုးတကာတို့သည် ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြပါစေ။ လူအပေါင်းတို့သည် ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုကြပါစေ။
4 လူမျိုးအပေါင်းတို့သည် ပျော်ရွှင်ကြလျက် ရွှင်လန်းခြင်းဖြင့် သီဆိုကျူးအေးကြပါစေ။ အကြောင်းမူကား ကိုယ်တော်သည် လူအပေါင်းတို့ကို တရားမျှတစွာ အုပ်စိုးတော်မူ၍ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံအသီးသီးတို့ကို ဦးဆောင်လမ်းညွန်တော်မူ၏။
5 အိုဘုရားသခင်၊ လူမျိုးတကာတို့သည် ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြပါစေ။ လူမျိုးအပေါင်းတို့သည် ကိုယ်တော်အား ချီးမွမ်းထောမနာပြုကြပါစေ။-
6 မြေကြီးသည် ကောက်ပဲသီးနှံတို့ကို ဖြစ်ထွန်းစေခဲ့လေပြီ။ ငါတို့၏ ဘုရားဖြစ်တော်မူသော ဘုရားသခင်သည်လည်း ငါတို့ကို ကောင်းချီးပေးတော်မူလေပြီ။-
7 ဘုရားသခင်သည် ငါတို့ကို ကောင်းချီးပေးတော်မူလေပြီ။ ကမ္ဘာမြေကြီးစွန်း ရှိသမျှတို့သည်လည်း ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါစေ။