1 ဆင်းရဲနွမ်းပါးသောသူကို စာနာထောက်ထားသောသူသည် မင်္ဂလာရှိ၏။ ဒုက္ခဆင်းရဲရောက်ချိန်၌ ထာ၀ရဘုရားသခင်သည် သူတို့ကို ကယ်ဆယ်တော်မူလိမ့်မည်။-
2 ထာ၀ရဘုရားသခင်သည် ထိုသူ့ကို ကာကွယ်စောင့်ရှောက်တော်မူ၍ သူ၏အသက်ကို ချမ်းသာပေးတော်မူလိမ့်မည်။ မြေပေါ်တွင် သူသည် မင်္ဂလာရှိသူဟု အခေါ်ခံရလိမ့်မည်။ ထိုသူ့ကို ရန်သူတို့အလိုကျ ပြုမူကြစေရန် အပ်တော်မူလိမ့်မည်မဟုတ်။-
3 သူသည် ဖျားနာသောအခါ ကိုယ်တော်သည် သူ့ကို အားပေးနှစ်သိမ့်တော်မူ၏။ အိပ်ရာပေါ်တွင် မကျန်းမမာဖြစ်နေစဉ် ကိုယ်တော်သည် သူ့ကို ပြန်လည်၍ ကျန်းမာစေတော်မူ၏။
4 ငါမူကား အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို သနားကြည်ဖြူတော်မူပါ၊ အကျွန်ုပ်သည် ကိုယ်တော့်ကို ထိခိုက်ပြစ်မှားခဲ့သည့် အတွက် ချမ်းသာပေးတော်မူပါဟု လျှောက်ထားခဲ့၏။-
5 ငါ၏ရန်သူတို့သည် ငါ့ကိုအငြိုးထား၍ သူသည် မည်သည့်အချိန်တွင် သေမည်နည်း၊ သူ၏အမည်သည်လည်း မည်သည့် အချိန်တွင် ပျောက်ကွယ်သွားမည်နည်းဟု ပြောဆိုကြ၏။-
6 တစ်စုံတစ်ယောက်သည် ငါ့ကိုလာကြည့်သည့်အခါတိုင်း မဟုတ်မမှန်ပြောဆို၍ သူ၏နှလုံးသားတွင်ကား မကောင်းသတင်းကို စုဆောင်းထားပြီး သူထွက်ခွာသွားသောအခါ နေရာအနှံ့အပြား၌ ထိုအကြောင်းကို သတင်းလွှင့်လေ၏။-
7 ငါ့ကိုမုန်းတီးသော သူအပေါင်းတို့သည် ငါ့အကြောင်းကို အတူတကွ တီးတိုးပြောဆိုကြ၏။ သူတို့သည် ငါ့အတွက် အဆိုးဆုံး ကိုသာ တွေးဆကြ၏။
8 သူတို့က ဤသူ၌ ရောဂါဆိုးတစ်ခု စွဲကပ်လျက်ရှိ၏။ သူသည် လဲလျောင်းနေရာမှ မည်သည့်အခါမျှ နောက်တစ်ဖန် ထနိုင်တော့မည်မဟုတ်ဟု ဆိုကြ၏။-
9 ငါ့အချစ်ဆုံးမိတ်ဆွေဖြစ်၍ ငါအားအကိုးရဆုံးနှင့် ငါနှင့်အတူစားသောက်သော ငါ၏မိတ်ဆွေကပင်လျှင် ငါ့ကိုခြေဖြင့် ကန်ကျောက်လေပြီ။-
10 သို့ရာတွင် အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ ရန်သူတို့ကို လက်စားချေနိုင်ရန် အကျွန်ုပ်ကို ထူမတော်မူပါ။
11 ရန်သူတို့သည် အကျွန်ုပ်အပေါ် အနိုင်မရသည်ကို ထောက်ရှုခြင်းအားဖြင့် ကိုယ်တော်သည် အကျွန်ုပ်ကို မြတ်နိုးတော် မူကြောင်းကို အကျွန်ုပ်သိပါ၏။-
12 အကျွန်ုပ်၏ တည်ကြည်ဖြောင့်မတ်မှုကြောင့် ကိုယ်တော်သည် အကျွန်ုပ်ကို ထိန်းသိမ်းစောင့်ရှောက်၍ ရှေ့တော်မှောက်တွင် စံစားစေတော်မူပြီ။
13 အစ္စရာအဲလ်လူမျိုးတို့၏ ဘုရားဖြစ်သော ထာ၀ရဘုရားသခင်အား ကာလအဆက်ဆက် ကောင်းချီးမင်္ဂလာရှိပါစေသော်။ အာမင်၊ အာမင်။