1 ဖြောင့်မတ်သောသင်တို့၊ ထာ၀ရဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ကြလော့။ ထောမနာပြုခြင်းသည် ဖြောင့်မတ်သူတို့ အတွက် သင့်လျော်လှပေ၏။-
2 စောင်းတီး၍ ထာ၀ရဘုရားသခင်အား ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော စောင်းကိုတီး၍ ထာ၀ရဘုရားသခင်ကို သီဆိုကျူးအေးကြလော့။-
3 ကိုယ်တော်၏ရှေ့တော်၌ သီချင်းအသစ်ကို သီဆိုကြလော့။ ကြိုးတပ်တူရိယာတို့ကို ကျွမ်းကျင်စွာ တီးခတ်၍ ဝမ်းမြောက်စွာ ကြွေးကြော်ကြလော့။
4 အကြောင်းမူကား ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကားသည် မှန်ကန်ဖြောင့်မတ်ပေ၏။ ကိုယ်တော် လုပ်ဆောင် တော်မူသမျှတို့သည် သစ္စာတရားနှင့် လျော်ညီကြ၏။-
5 ထာ၀ရဘုရားသခင်သည် တရားမျှတခြင်းနှင့် ဖြောင့်မတ်မှန်ကန်ခြင်းတို့ကို နှစ်သက်မြတ်နိုးတော်မူ၏။ ကမ္ဘာမြေကြီးသည် ထာ၀ရဘုရားသခင်၏ ခိုင်မြဲသောမေတ္တာတော်နှင့် ပြည့်၀လျက်ရှိ၏။
6 ထာ၀ရဘုရားသခင်၏ နှုတ်တော်ထွက်စကားအားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ်တော်မှ ဝင်သက်ထွက်သက် အားဖြင့် များပြားလှသော ကောင်းကင်တန်ဆာများကိုလည်းကောင်း ဖန်ဆင်းတော်မူ၏။-
7 ကိုယ်တော်သည် သမုဒ္ဒရာရေရှိသမျှတို့ကို တစ်နေရာတည်းတွင် စုဝေးစေ၍ နက်ရှိုင်းသော သမုဒ္ဒရာများကိုလည်း လုံခြုံသောအရပ်တွင် သိုလှောင်ထားတော်မူ၏။
8 ကမ္ဘာတစ်ဝန်းလုံးသည် ထာ၀ရဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြပါစေ။ ကမ္ဘာပေါ်တွင် နေထိုင်ကြသူ အပေါင်းတို့သည် ထာ၀ရဘုရားသခင်အား ကြောက်ရွံ့ရိုသေကြပါစေ။-
9 အကြောင်းမူကား ထာ၀ရဘုရားသခင် မိန့်မြွက်တော်မူသောအခါ ကမ္ဘာလောကသည် ဖြစ်ပေါ်လာ၏။ ကိုယ်တော် အမိန့်ပေး တော်မူသောအခါ ခပ်သိမ်းသော အရာတို့သည် ခိုင်ခံ့စွာ ပေါ်ပေါက်လာကြ၏။
10 ထာ၀ရဘုရားသခင်သည် လူမျိုးတကာတို့၏ ရည်မှန်းချက်များကို ပျက်ပြားစေတော်မူ၏။ သူတို့၏အကြံအစည် များကိုလည်း အထမမြောက်စေရန် ဆီးတားတော်မူ၏။-
11 သို့သော် ထာ၀ရဘုရားသခင်၏ အကြံဉာဏ်သည် ထာ၀စဉ်တည်၍ ကိုယ်တော့်စိတ်နှလုံး၏ အကြံအစည်တို့သည်လည်း လူမျိုးအဆက်ဆက်၌ သက်ရောက်လေ၏။-
12 ထာ၀ရဘုရားသခင်ကို မိမိတို့၏ဘုရားအဖြစ် ခံယူသောလူမျိုးသည် မင်္ဂလာရှိ၏။ ကိုယ်တော်သည် ထိုလူမျိုးကို မိမိ၏အမွေခံအဖြစ် ရွေးချယ်တော်မူ၏။
13 ထာ၀ရဘုရားသခင်သည် ကောင်းကင်မှ ကြည့်ရှုတော်မူရာတွင် လူသားအပေါင်းတို့ကို မြင်တော်မူ၏။-
14 ကိုယ်တော်သည် မိမိစံမြန်းတော်မူသော နေရာမှ ကမ္ဘာပေါ်တွင် နေထိုင်သူအပေါင်းတို့ကို စောင့်ထိန်းကြည့်ရှုတော်မူ၏။-
15 ကိုယ်တော်သည် သူတို့၏စိတ်နှလုံးများကို ပုံသွင်းတော်မူ၍ သူတို့ကျင့်ကြံသမျှတို့ကို ကြည့်ရှုလေ့လာတော်မူ၏။-
16 ရှင်ဘုရင်တစ်ပါးသည် မိမိ၏ခွန်အားကြောင့် စစ်အောင်နိုင်သည်မဟုတ်။ စစ်သူရဲသည် မိမိ၏ ကြီးမားသောခွန်အားကြောင့် အသက်ချမ်းသာရာရ သည်မဟုတ်။-
17 စစ်မြင်းမှာလည်း အောင်မြင်မှုအတွက် မျှော်လင့်ချက်မဟုတ်။ ၎င်း၏ခွန်အားကြီးမားမှုဖြင့် ကယ်တင်နိုင်မည်မဟုတ်။
18 သို့သော်လည်း ထာ၀ရဘုရားသခင်သည် မိမိအား ကြောက်ရွံ့ကြသော သူအပေါင်းတို့နှင့် မိမိ၏ခိုင်မြဲသော မေတ္တာတော်ကို မျှော်လင့်ကိုးစားကြသော သူအပေါင်းတို့ အား၊-
19 သေဘေးမှကင်းလွတ်စေပြီး အစာခေါင်းပါးသည့် ကာလ၌ အသက်ရှင်စေရန် ကြည့်ရှုလျက်ရှိတော်မူ၏။
20 ငါတို့သည် ထာ၀ရဘုရားသခင်ကို စောင့်ငံ့လျက်ရှိပါ၏။ ကိုယ်တော်သည် ငါတို့အား ကူညီမစသူနှင့် အကာအကွယ်ပေးသူ ဖြစ်တော်မူ၏။-
21 အကြောင်းမူကား ငါတို့၏စိတ်နှလုံးသည် ထာ၀ရဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ကြ၍ ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ငါတို့ကိုးစားကြပါ၏။-
22 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော့်ကို မျှော်လင့်ကိုးစားကြသည်နှင့်အညီ ကိုယ်တော်၏ ခိုင်မြဲသော မေတ္တာတော်ကို အကျွန်ုပ်တို့အပေါ် သက်ရောက်စေတော်မူပါ။