Salmos 27

BURCBCM

1 ထာ၀ရဘုရားသခင်သည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရပါ အံ့နည်း။ ထာ၀ရဘုရားသခင်သည် ငါ့အသက်၏ ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရွံ့ရ မည်နည်း။

2 မကောင်းမှု ပြုသူများဖြစ်သည့် ငါ၏ပြိုင်ဘက်များနှင့် ငါ၏ရန်သူများသည် ငါ့အသားကို ကိုက်စားရန် လာကြသောအခါ သူတို့သည် ခြေချော်၍ လဲကျကြလိမ့်မည်။

3 ငါ့ကိုတိုက်ခိုက်ရန် တပ်ချထားသော်လည်း ငါ့နှလုံးသားသည် မကြောက်ရွံ့ပေ။ ငါ့ထံသို့ စစ်ချီလာကြသော်လည်း ငါသည် ယုံကြည်စိတ်ချလျက်သာရှိနေလိမ့်မည်။

4 ထာ၀ရဘုရားသခင်ထံတော်၌ တစ်ခုတည်းသောဆုကို ငါတောင်းလျှောက်၏။ ငါလိုလားတောင့်တသော ဆုသည်ကား ထာ၀ရဘုရားသခင်၏ အိမ်တော်တွင် ငါ၏ဘ၀တစ်သက်တာလုံးနေထိုင်၍ ထာ၀ရဘုရားသခင် ၏တင့်တယ်လှပခြင်းကို ဖူးမြော်ရန်နှင့် ဗိမာန်တော်၌ ကိုယ်တော့်ကိုရှာဖွေရန်ပင် ဖြစ်၏။

5 အကြောင်းမူကား ဘေးအန္တရာယ် ကျရောက်သောကာလ၌ ကိုယ်တော်သည် ငါ့ကို ကာကွယ်စောင့်ရှောက် တော်မူလိမ့်မည်။ ကိုယ်တော်၏ တဲတော်အောက်၌ ငါ့ကိုဝှက်ကွယ်ထားတော်မူလိမ့်မည်။ ကိုယ်တော်သည် ငါ့ကို ကျောက်ဆောင်ပေါ်၌ တင်ထားတော်မူလိမ့်မည်။

6 ယခုမူကား ငါ၏ဦးခေါင်းသည် ငါ၏ပတ်လည်ရှိ ရန်သူတို့အထက်၌ ချီးမြှောက်ထားခြင်းကို ခံရလိမ့်မည်။ ထို့ကြောင့် ငါသည် ကိုယ်တော်၏ ဗိမာန်တော်တွင် ဝမ်းမြောက်ဖွယ်သော ကြွေးကြော်သံများနှင့်အတူ ပူဇော်ရာယဇ်ကောင်များကို ပူဇော်ပါမည်။ ငါသည် ထာ၀ရဘုရားသခင်ထံတော်၌ တီးမှုတ်သီဆိုပါမည်။

7 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်ကို သနားကရုဏာထား၍ ထူးတော်မူပါ။-

8 ကိုယ်တော်က ငါ၏ရွှေမျက်နှာတော်ကို ရှာကြလော့ဟု မိန့်တော်မူသဖြင့် အကျွန်ုပ်၏ နှလုံးသားကလည်း အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ရွှေမျက်နှာတော်ကို အကျွန်ုပ်ရှာပါသည်ဟု ပြန်လည်လျှောက်တင်ပါ၏။-

9 ရွှေမျက်နှာတော်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မမူပါနှင့်။ ကိုယ်တော်သည် အကျွန်ုပ်ကို ကူညီမစဖူးပါ၏။ အမျက်တော် ထွက်၍ ကိုယ်တော်၏ ကျွန်အစေခံကို ငြင်းပယ်တော်မမူပါနှင့်။ အကျွန်ုပ်၏ကယ်တင်ရှင် ဖြစ်တော်မူသော အိုဘုရားသခင်၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ပစ်ပယ်ထားတော်မမူပါနှင့်။-

10 ငါ၏အမိနှင့် အဖတို့သည် ငါ့ကိုစွန့်ပစ်ကြသော်လည်း ထာ၀ရဘုရားသခင်သည် ငါ့ကိုလက်ခံတော်မူလိမ့်မည်။

11 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏လမ်းစဉ်ကို အကျွန်ုပ်အား သင်ပြပေးတော်မူပါ။ အကျွန်ုပ်၏ရန်သူများ ရှိသောကြောင့် အကျွန်ုပ်အား ဖြောင့်မှန်ရာလမ်းသို့ ညွန်ပြတော်မူပါ။-

12 အကျွန်ုပ်၏ရန်သူများ အလိုရှိသည့်အတိုင်း ပြုမူစေရန် အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်ကို ဆန့်ကျင်၍ မမှန်ကန်သော သက်သေခံသူများ ထွက်ပေါ်လာကြပြီး ထိုသူတို့သည် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေကြပါ၏။

13 အသက်ရှင်သူတို့ နေထိုင်ရာအရပ်တွင် ထာ၀ရဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းကိုတွေ့ မြင်ရလိမ့်မည်ဟု ငါယုံကြည်ပါ၏။-

14 ထာ၀ရဘုရားသခင်အား စောင့်ငံ့လျက်နေကြလော့။ ခွန်အားယူ၍ ရဲရင့်သောစိတ်နှလုံးရှိကြလော့။ ထာ၀ရဘုရားသခင်အား စောင့်ငံ့လျက်နေကြလော့။

Ler em outra tradução

Comparar lado a lado