1 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ခွန်အားဖြစ်တော်မူသော ကိုယ်တော့်ကို အကျွန်ုပ်ချစ်မြတ်နိုးပါ၏။-
2 ကိုယ်တော်သည် အကျွန်ုပ်ကို ကာကွယ်တော်မူသော ကျောက်ဆောင်၊ အကျွန်ုပ်၏ ခိုင်ခံ့သောခံတပ်နှင့် အကျွန်ုပ်၏ကယ်တင်ရှင် ဖြစ်တော်မူပါ၏။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ကျောက်ဆောင် ဖြစ်တော်မူသော ကိုယ်တော့်ကို အကျွန်ုပ်ခိုလှုံအားကိုးပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ဒိုင်းလွှား၊ အကျွန်ုပ်၏ကယ်တင် ခြင်းဦးချိုနှင့် အကျွန်ုပ်၏ရဲတိုက်ဖြစ်တော်မူပါ၏။-
3 ချီးမွမ်းခြင်းကို ခံထိုက်သော ထာ၀ရဘုရားသခင်ကို အကျွန်ုပ် ခေါ်တသောအခါ ကိုယ်တော်သည် အကျွန်ုပ်ကို ရန်သူတို့၏ လက်မှ ကယ်တင်တော်မူ၏။
4 သေခြင်း၏ နှောင်ကြိုးတို့သည် ငါ့ကိုဝိုင်းရံထား၍ ပျက်စီးခြင်း၏ ရေလှိုင်းလုံးများသည် ငါ့ကိုဖုံးလွှမ်းကြ၏။-
5 မရဏနိုင်ငံ၏ နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်ကြ၍ သေခြင်း၏ ကျော့ကွင်းတို့ကိုလည်း ငါ့ရှေ့၌ ချထားကြ၏။
6 ငါသည် ဒုက္ခဆင်းရဲရောက်သောအချိန်၌ ထာ၀ရဘုရားသခင်ကိုခေါ်တပါ၏။ ငါ့ကိုကူညီတော်မူပါရန် ငါ၏ဘုရားသခင်ထံ ငါအော်ဟစ်ခဲ့ပါ၏။ ကိုယ်တော်သည် ငါ၏အသံကို ဗိမာန်တော်ထဲမှကြားတော်မူ၍ ငါ၏အော်ဟစ်သံသည် ကိုယ်တော်၏ ရွှေနားတော်သို့ ရောက်လေ၏။
7 ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် ကမ္ဘာမြေကြီးသည် တုန်ခါ၍ တောင်တန်းများ၏ အခြေအမြစ် တို့သည် လှုပ်ယမ်းလေ၏။-
8 ကိုယ်တော်၏ နှာခေါင်းတော်မှ မီးခိုးများထွက်၍ နှုတ်တော်မှလည်း မီးတောက်များ ထွက်လာပြီးလျှင် တောက်လောင် နေသော မီးကျီးခဲများသည် ကိုယ်တော့်ထံမှထွက်လာလေ၏။-
9 ကိုယ်တော်သည် ကောင်းကင်ကို ညွတ်စေ၍ ဆင်းကြွလာတော်မူ၏။ ထူထပ်သော အမှောင်ထုသည် ကိုယ်တော်၏ ခြေဖဝါးအောက်တွင်ရှိ၏။-
10 ကိုယ်တော်သည် ခေရုဘိမ်ကိုစီး၍ ပျံသန်းလျက် လေ၏တောင်ပံများပေါ်မှ လျင်မြန်စွာကြွလာတော်မူ၏။-
11 ကိုယ်တော်သည် မိမိကိုယ်ကို အမှောင်ထုဖြင့် ဖုံးလွှမ်းစေတော်မူ၏။ ရေဖြင့်ပြည့်သော ထူထပ်သည့်မိုးတိမ်သည် ကိုယ်တော့်ကို ကာရံလျက်ရှိ၏။-
12 ကိုယ်တော်၏ရှေ့မှောက်ရှိ အလင်းထွန်းတောက်သောနေရာမှ မိုးသီးများနှင့် မီးကျီးခဲများသည် မိုးတိမ်များအကြားမှ ထိုးဖောက်ထွက်ပေါ်လာကြ၏။-
13 ထာ၀ရဘုရားသခင်သည်လည်း ကောင်းကင်၌ မိုးထစ်ချုန်းစေတော်မူ၍ အမြင့်ဆုံးသော အရှင်၏အသံတော်သည် ထွက်ပေါ်လာလေ၏။-
14 ကိုယ်တော်သည် မိမိ၏မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူ၏။ လျှပ်စီးရောင်ဝင်းလက်ခြင်းအားဖြင့် ကိုယ်တော်သည် သူတို့ကို အရေးနိမ့်စေတော်မူ၏။-
15 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမသံနှင့် နှာခေါင်းတော်မှ ပြင်းစွာရှူထုတ်သော လေတို့ကြောင့် ပင်လယ်ကြမ်းပြင်နှင့် ကမ္ဘာမြေကြီး၏ အောက်ခြေတို့သည် ပွင့်ဟထွက်ပေါ်လာကြပါ၏။
16 ကိုယ်တော်သည် အထက်အရပ်မှ လက်တော်ကို ဆန့်တန်းပြီး ငါ့ကိုဆုပ်ကိုင်လျက် ငါ့အား နက်ရှိုင်းသော ရေများထဲမှ ဆွဲတင်တော်မူ၏။-
17 ကိုယ်တော်သည် ငါ့ကို ခွန်အားကြီးမားသော ရန်သူ၏လက်မှလည်းကောင်း၊ မုန်းတီးသောသူတို့၏ လက်မှလည်းကောင်း ကယ်တင်တော်မူ၏။ အကြောင်းမူကား သူတို့သည် ငါ့အတွက် အလွန်အင်အားကြီးမားလှသောကြောင့်တည်း။-
18 သူတို့သည် ငါဒုက္ခရောက်ချိန်တွင် ငါ့ကိုတိုက်ခိုက်ကြ၏။ သို့ရာတွင် ထာ၀ရဘုရားသခင်သည် ငါနှင့်အတူရှိတော်မူ၏။-
19 ကိုယ်တော်သည် ငါ့ကို ကျယ်ဝန်းသောအရပ်သို့ ခေါ်ထုတ်တော်မူ၏။ ကိုယ်တော်သည် ငါ့ကိုနှစ်သက်သောကြောင့် ကယ်တင်တော်မူခဲ့၏။
20 ထာ၀ရဘုရားသခင်သည် ငါ၏ဖြောင့်မတ်ခြင်းနှင့်အညီ ငါ့ကိုဆုချီးမြှင့်တော်မူ၏။ ကိုယ်တော်သည် ငါ့လက်များ၏ အပြစ်ကင်းစင်မှုနှင့်အညီ ငါ့ကို ချီးမြှင့်တော်မူ၏။-
21 အကြောင်းမူကား ငါသည် ထာ၀ရဘုရားသခင်၏ လမ်းစဉ်တို့ကို စောင့်ထိန်း၍ ငါ၏ဘုရားသခင်အထံတော်မှ ဆိုးသွမ်းစွာ ထွက်ခွာမသွားခဲ့ပေ။-
22 အကြောင်းမူကား ကိုယ်တော်၏ ပြဋ္ဌာန်းချက်များသည် ငါ၏ရှေ့မှောက်တွင်ရှိပြီး ငါသည် ကိုယ်တော်၏ တရားဥပဒေ များကိုလည်း မပစ်ပယ်ခဲ့ပေ။-
23 ငါသည် ကိုယ်တော်၏ရှေ့တော်မှောက်တွင် အပြစ်တင်ခွင့်ကင်းခဲ့ပြီး မိမိကိုယ်ကိုလည်း အပြစ်မကျူးလွန်မိစေရန် စောင့်ထိန်းခဲ့၏။-
24 ထာ၀ရဘုရားသခင်သည် ငါ၏ဖြောင့်မတ်ခြင်းနှင့်အညီ ငါ့ကိုပြန်လည် ပေးသနားတော်မူ၏။ ကိုယ်တော်သည် ရှေ့တော်မှောက်၌ ငါ့လက်များ၏ အပြစ်ကင်းစင်မှုနှင့်အညီ ငါ့ကို ပြန်လည် ပေးသနားတော်မူ၏။
25 သစ္စာရှိသူတို့အပေါ် ကိုယ်တော်သည် မိမိကိုယ်တိုင် သစ္စာရှိကြောင်းကို ပြသ၍ အပြစ်တင်ခွင့် ကင်းသူတို့အပေါ်၌လည်း မိမိကိုယ်တော်တိုင် အပြစ်တင်ခွင့်ကင်းကြောင်းကို ပြတော်မူ၏။-
26 စိတ်နှလုံးဖြူစင်သူတို့အပေါ် ကိုယ်တော်သည် မိမိကိုယ်တိုင် စိတ်နှလုံးဖြူစင်ကြောင်း ပြတော်မူ၍ ကောက်ကျစ်သူတို့ အပေါ်၌မူကား မိမိကိုယ်တော်တိုင် ပါးနပ်ကြောင်းကိုပြတော်မူ၏။-
27 အကြောင်းမူကား ကိုယ်တော်သည် နှိမ့်ချသောလူမျိုးစုကို ကယ်ဆယ်၍ မာနထောင်လွှားသော မျက်စိများကို နိမ့်ကျစေတော်မူ၏။-
28 ကိုယ်တော်သည် အကျွန်ုပ်၏မီးခွက်ကို ထွန်းညှိတော်မူ၏။ အကျွန်ုပ်၏အရှင် ထာ၀ရဘုရားသခင်သည် အကျွန်ုပ်၏ အမိုက်မှောင်ကို လင်းစေတော်မူပြီ။-
29 ကိုယ်တော်အားဖြင့် အကျွန်ုပ်သည် စစ်တပ်တစ်တပ်ကို ချေမှုန်းနိုင်ပါ၏။ အကျွန်ုပ်၏ ဘုရားသခင်အားဖြင့် အကျွန်ုပ်သည် တံတိုင်းကို ကျော်လွှားနိုင်ပါ၏။-
30 ဤဘုရား၏လမ်းစဉ်သည် ပြည့်စုံကောင်းမွန်ပေ၏။ ထာ၀ရဘုရားသခင်၏ ကတိတော်သည် မှန်ကန်ကြောင်း သက်သေခံ လေ၏။ ကိုယ်တော်သည် မိမိအထံတော်၌ ခိုလှုံသော သူအပေါင်းတို့အတွက် ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။
31 အကြောင်းမူကား ထာ၀ရဘုရားသခင်မှတစ်ပါး မည်သူသည် ဘုရားဖြစ်တော်မူသနည်း။ ငါတို့၏ဘုရားသခင်မှတစ်ပါး အဘယ်သူသည် ကျောက်ဆောင်ဖြစ်သနည်း။-
32 ထိုဘုရားသခင်သည် ငါ့ကိုခွန်အားဖြင့် သန်စွမ်းစေသောဘုရား၊ ငါလျှောက်ရာလမ်းကို ဘေးကင်းလုံခြုံစေသော ဘုရားပင်ဖြစ်တော်မူ၏။-
33 ကိုယ်တော်သည် ငါ၏ခြေများကို သမင်၏ခြေကဲ့သို့ ဖြစ်စေ၍ မြင့်သောအရပ်များ၌ ငါ့ကို ဘေးအန္တရာယ်ကင်းစွာ တည်ရှိစေတော်မူ၏။-
34 ငါ၏လက်ရုံးများသည် ကြေးဝါဖြင့်ပြုလုပ်ထားသော လေးကို ကိုင်းညွတ်နိုင်စေရန် ငါ၏လက်များကို စစ်ပွဲအတွက် လေ့ကျင့်ပေးတော်မူ၏။-
35 ကိုယ်တော်သည် ကယ်တင်ခြင်းဒိုင်းလွှားကို အကျွန်ုပ်အား ပေးတော်မူခဲ့၏။ ကိုယ်တော်၏ ညာလက်ရုံးတော်သည် အကျွန်ုပ်ကို ပံ့ပိုးတော်မူခဲ့ပြီ။ ကိုယ်တော်၏ ကူညီစောင်မတော်မူခြင်းသည် အကျွန်ုပ်ကို ကြီးမြတ်စေတော်မူပြီ။-
36 ကိုယ်တော်သည် အကျွန်ုပ်၏ ခြေလှမ်းများအတွက် ကျယ်ပြန့်သောနေရာကို ပေးတော်မူခဲ့သောကြောင့် အကျွန်ုပ်၏ခြေတို့ သည်လည်း လမ်းမချော်ခဲ့ပါ။-
37 အကျွန်ုပ်သည် ရန်သူများနောက်သို့ အမီလိုက်နိုင်ခဲ့ပါ၏။ သူတို့ကို ချေမှုန်းပြီးသည့်တိုင်အောင် နောက်သို့မလှည့်ခဲ့ပါ။-
38 အကျွန်ုပ်သည် ရန်သူများကို မထနိုင်အောင် ထိုးနှက်လှဲချလိုက်ပါ၏။ သူတို့သည် အကျွန်ုပ်၏ ခြေဖဝါးအောက်တွင် လဲကျကြပါ၏။-
39 ကိုယ်တော်သည် အကျွန်ုပ်ကို စစ်တိုက်ရန်အတွက် ခွန်အားဖြင့် သန်စွမ်းစေတော်မူ၏။ အကျွန်ုပ်၏ ပြိုင်ဘက်များကို အကျွန်ုပ်၏ ခြေရင်းတွင် ပျပ်ဝပ်စေတော်မူ၏။-
40 ကိုယ်တော်သည် အကျွန်ုပ်၏ရန်သူများကို အကျွန်ုပ်အား ကျောခိုင်းစေတော်မူ၏။ အကျွန်ုပ်ကို မုန်းတီးသော သူတို့ကိုလည်း အကျွန်ုပ်ချေမှုန်းပါ၏။-
41 သူတို့သည် အော်ဟစ်အကူအညီ တောင်းကြသော်လည်း သူတို့ကို ကယ်တင်မည့်သူမရှိပါ။ သူတို့သည် ထာ၀ရဘုရားသခင်ထံတော်သို့ အော်ဟစ်ကြသော်လည်း ကိုယ်တော်သည် သူတို့ကို ထူးတော်မမူပါ။-
42 အကျွန်ုပ်သည် ရန်သူများအား လေတိုက်၍ လွင့်ပါသွားသော မြေမှုန့်များကဲ့သို့ ချေမှုန်းပါ၏။ လမ်းပေါ်မှ ရွှံ့သဖွယ် သူတို့အား အကျွန်ုပ်နင်းချေပါ၏။
43 ကိုယ်တော်သည် အကျွန်ုပ်ကို လူတို့နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရခြင်းမှ ကယ်ဆယ်တော်မူပြီ။ ကိုယ်တော်သည် အကျွန်ုပ်အား လူမျိုးတကာတို့ကို ဦးဆောင်သူ ဖြစ်စေတော်မူပြီ။ အကျွန်ုပ်မသိခဲ့ဖူးသူများသည် အကျွန်ုပ်ကို အစေခံကြပါ၏။-
44 သူတို့သည် အကျွန်ုပ်၏အကြောင်းကို ကြားသည်နှင့်တစ်ပြိုင်နက် အကျွန်ုပ်ကို နာခံကြပါ၏။ တိုင်းတစ်ပါးသားတို့သည် အကျွန်ုပ်ထံတွင် ခယညွတ်တွားကြပါ၏။-
45 တိုင်းတစ်ပါးသားတို့သည် စိတ်လျှော့ကြကာ မိမိတို့၏ခံတပ်များထဲမှ ထိတ်လန့်တုန်လှုပ်စွာ ထွက်လာကြပါ၏။
46 ထာ၀ရဘုရားသခင်သည် အသက်ရှင်တော်မူ၏။ အကျွန်ုပ်၏ ကျောက်ဆောင်တော်အားလည်း ကောင်းချီးမင်္ဂလာရှိပါစေ။ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင်သည် ချီးမြှောက်ခြင်းခံရပါစေသော်။-
47 ကိုယ်တော်သည် အကျွန်ုပ်အတွက် တရားမျှတစွာစီရင်၍ လူမျိုးတကာတို့ကို အကျွန်ုပ်၏ လက်အောက်ခံ ဖြစ်စေတော် မူ၏။-
48 ကိုယ်တော်သည် အကျွန်ုပ်ကို ရန်သူတို့၏လက်မှ ကယ်တင်တော်မူ၏။ မှန်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်၏ ရန်သူများအထက်၌ ချီးမြှောက်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အား အကြမ်းဖက်သော သူတို့၏လက်မှ လွတ်မြောက် စေတော်မူ၏။
49 အိုထာ၀ရဘုရားသခင်၊ ဤအတွက် အကျွန်ုပ်သည် ကိုယ်တော့်ကို လူမျိုးတကာတို့အလယ်တွင် ချီးမွမ်းထောမနာပြု၍ ကိုယ်တော်၏ နာမတော်အား သီဆိုချီးမွမ်းပါမည်။-
50 ကိုယ်တော်သည် မိမိခန့်ထားသော ဘုရင်အား ကြီးမားသော အောင်ပွဲများခံစေပြီး မိမိဘိသိက် ပေးထားတော်မူသော ဒါဝိဒ်နှင့် သူ၏သားစဉ်မြေးဆက်တို့အား ခိုင်မြဲသော မေတ္တာတော်ကို အစဉ်အမြဲပြတော်မူ၏။