Salmos 143

BURCBCM

1 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏ အသနားခံ တောင်းလျှောက်သံကို ကြားနာတော်မူပါ။ ကိုယ်တော်၏သစ္စာရှိခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ဖြင့် အကျွန်ုပ်ကို တုံ့ပြန်တော်မူပါ။-

2 ကိုယ်တော်၏အစေခံဖြစ်သော အကျွန်ုပ်ကို တရားစီရင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သူတစ်ဦးမျှ ကိုယ်တော်၏ရှေ့မျက်မှောက်တော်တွင် အပြစ်ကင်းစင်သူမဟုတ်ပါ။

3 ရန်သူသည် အကျွန်ုပ်နောက်မှ လိုက်လံညှဉ်းဆဲပါပြီ။ သူသည် အကျွန်ုပ်ကို မြေပေါ်သို့လဲကျသည်အထိ အရေးနိမ့်စေပါပြီ။ သူသည် အကျွန်ုပ်ကို ကာလကြာမြင့်စွာက သေဆုံးနေသောသူကဲ့သို့ မှောင်မိုက်ထဲတွင် ပစ်ထားပါ၏။-

4 သို့ဖြစ်၍ အကျွန်ုပ်သည် အားအင်ကုန်ခန်းပြီး ယိုင်လဲလုမတတ်ဖြစ်နေပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် စိတ်ပျက်အားလျော့ လျက်ရှိပါ၏။

5 အကျွန်ုပ်သည် ရှေးလွန်ခဲ့ပြီးသောနေ့ရက်များကို အောက်မေ့သတိရပါ၏။ အကျွန်ုပ်သည် ကိုယ်တော်ပြု လုပ်တော်မူသမျှ တို့ကို ဆင်ခြင်နှလုံးသွင်းပါ၏။ ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်တော်မူသော အရာများကို အကျွန်ုပ်ပြန်လည်သတိရပါ၏။-

6 အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ အကျွန်ုပ်၏လက်များကို ဆန့်တန်းထားပါ၏။ ခြောက်သွေ့သောမြေသည် ရေကိုလိုအပ်နေသကဲ့သို့ အကျွန်ုပ်သည် ကိုယ်တော့်ကိုတမ်းတပါ၏။

7 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို အလျင်အမြန် တုံ့ပြန်တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်အားလျော့နေပါပြီ။ အကျွန်ုပ်သည် တွင်းထဲသို့ကျသောသူတို့ကဲ့သို့ မဖြစ်ရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မမူပါနှင့်။-

8 အကျွန်ုပ်သည် ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကို နံနက်ချိန်၌ ကြားနာပါရစေ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၌ ယုံကြည်ကိုးစားသောကြောင့် ဖြစ်ပါ၏။ အကျွန်ုပ် လျှောက်လှမ်းသင့်သောလမ်းကို အကျွန်ုပ်အား ပြတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ကိုအာရုံပြုလျက် ရှိသောကြောင့်ဖြစ်ပါ၏။

9 အိုထာ၀ရဘုရားသခင်၊ အကျွန်ုပ်ကို ရန်သူများ၏လက်မှ ကယ်တင်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော့်ကို ခိုလှုံအားကိုးပါ၏။-

10 ကိုယ်တော်၏အလိုတော်ကို လိုက်နာဆောင်ရွက်ရန် အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်၏ ကောင်းမြတ်သော ဝိညာဉ်တော်သည် အကျွန်ုပ်ကို ညီညာပြေပြစ်သောလမ်းသို့ ပို့ဆောင်တော်မူပါစေ။

11 ကိုယ်တော်၏ နာမတော်ကိုထောက်၍ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်ကို ဒုက္ခအခက်အခဲမှ ရွေးနုတ်တော်မူပါ။-

12 ကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်ဖြင့် အကျွန်ုပ်၏ ရန်သူများကို ဖယ်ရှားတော်မူပါ။ အကျွန်ုပ်ကို ရန်လိုမုန်းတီး သူတို့အားလည်း နှိမ်နင်းဖျက်ဆီးတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော်၏အစေခံ ဖြစ်သောကြောင့်တည်း။

Ler em outra tradução

Comparar lado a lado