Romanos 1

BURCBCM

1 ယေဇူးခရစ်တော်၏ အစေခံတစ်ဦးဖြစ်၍ ထာ၀ရဘုရားသခင်၏ ဧဝံဂေလိသတင်းကောင်းကို ကြေညာရန်အတွက် တမန်တော်အဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသော ငါပေါလုသည် သင်တို့ထံသို့ စာရေးလိုက်ပါသည်။-

2 ကျမ်းစာတော်မြတ်တွင် ဘုရားသခင်သည် ထိုသတင်းကောင်းကို ရှေးအခါကပင် မိမိ၏ပရောဖက်များအားဖြင့် ကြိုတင်ကတိထားတော်မူခဲ့၏။-

3 သတင်းကောင်းမှာ ဘုရားသခင်၏သားတော်ဖြစ်သော၊ ငါတို့ သခင်ယေဇူးခရစ်တော်အကြောင်းပင်ဖြစ်၍ ထိုသခင်သည် လူ့ဇာတိအားဖြင့် ဒါဝိဒ်မင်းကြီးမှ ဆင်းသက်လာတော်မူခဲ့၏။-

4 ဝိညာဉ်တော်မြတ်၌မူကား သူသည် သေရာမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုရားသခင်၏ သားတော်အဖြစ် တန်ခိုးတော်နှင့် ရွေးချယ်ခန့်ထားခြင်းကို ခံရတော်မူ၏။-

5 ကိုယ်တော်အားဖြင့် ငါတို့သည် လူမျိုးအပေါင်းတို့အလယ်တွင် ကိုယ်တော်၏နာမတော်အတွက် ယုံကြည်နာခံခြင်းကို ကြေညာဟောပြောနိုင်ရန် ကျေးဇူးတော်ကိုလည်းကောင်း၊ တမန်တော်အဖြစ်ကိုလည်းကောင်း ခံယူရရှိခဲ့ကြ၏။-

6 သင်တို့သည်လည်း ယေဇူးခရစ်တော်၏ တပည့်များဖြစ်ရန်အတွက် ရွေးကောက်ခြင်းခံရသူတို့တွင် အပါအဝင်ဖြစ်ကြ၏။

7 ဘုရားသခင်ချစ်မြတ်နိုးတော်မူ၍ သန့်ရှင်းသူများအဖြစ် ရွေးကောက်ခြင်းခံရသော ရောမမြို့သူမြို့သားအပေါင်းတို့၊ ငါတို့၏အဖ ဘုရားသခင်နှင့် ယေဇူးခရစ်တော်သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်။

8 သင်တို့၏ယုံကြည်ခြင်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ကြေညာဟောပြောခြင်းခံရသောကြောင့် ငါသည် ယေဇူးခရစ်တော်ကို အမှီပြု၍ သင်တို့အားလုံးအတွက် ဘုရားသခင်ကို ပထမဦးစွာ ကျေးဇူးတင်ချီးမွမ်းပါ၏။-

9 သားတော်၏သတင်းကောင်းကို ကြေညာလျက် စိတ်နှလုံးအကြွင်းမဲ့ ငါအစေခံသော ဘုရားသခင်သည် ငါဆုတောင်း ပတ္ထနာပြုသောအခါ သင်တို့ကို အစဉ်အမြဲသတိရကြောင်း သက်သေဖြစ်တော်မူပါ၏။-

10 ဘုရားသခင် အလိုရှိတော်မူပါလျှင် နောက်ဆုံးတွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့ လာရောက်နိုင်ရန် ငါဆုတောင်းပါ၏။-

11 အကြောင်းမူကား သင်တို့၌ ခွန်အားပြည့်၀စေခြင်းငှာ ငါသည် ဝိညာဉ်ကျေးဇူးတော်များကို ပေးဝေရန် သင်တို့နှင့် တွေ့ဆုံ လိုသည့်ဆန္ဒရှိပါ၏။-

12 ဤသို့ဖြစ်လျှင် ငါတို့သည် တစ်ဦးစီ၏ ယုံကြည်ခြင်းအားဖြင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် အားပေးနှစ်သိမ့် နိုင်ကြလိမ့်မည်။-

13 ညီအစ်ကိုတို့၊ ငါသည် လူမျိုးခြားတို့အလယ်၌ အောင်မြင်ခြင်းအသီးအပွင့်ကို ရခဲ့သည့်နည်းတူ သင်တို့အလယ်တွင်လည်း အောင်မြင်မှုရခြင်းငှာ သင်တို့ထံသို့လာရောက်ရန် မကြာခဏရည်ရွယ်ခဲ့သော်လည်း ယနေ့တိုင်အောင် မလာဖြစ်ကြောင်း သင်တို့သိစေလိုသည်။-

14 ဂရိလူမျိုးဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိသူဖြစ်စေ၊ ပညာမဲ့သူဖြစ်စေ အားလုံးသောသူတို့အတွက် ငါ၌တာဝန်ရှိသောကြောင့်၊-

15 ငါသည် ရောမမြို့တွင်ရှိသော သင်တို့အားလည်း ဧဝံဂေလိသတင်းကောင်းကို ဟောပြောရန် စိတ်အားထက်သန်လျက်ရှိ၏။

16 အကြောင်းမူကား ငါသည် ဧဝံဂေလိသတင်းကောင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ ဧဝံဂေလိသတင်းကောင်းသည် ပထမဦးစွာ ဂျူးလူမျိုးများ၊ ထို့နောက် ဂရိလူမျိုးများထဲမှ ယုံကြည်သူအပေါင်းတို့အား ကယ်တင်ခြင်းကိုပေးသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။-

17 အကြောင်းမူကား ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်ဟု ကျမ်းစာလာသည့်အတိုင်း ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းအလို့ငှာ ဧဝံဂေလိသတင်းကောင်းအတွင်း၌ ပေါ်လွင်ထင်ရှားလျက်ရှိ၏။

18 ဘုရားသခင်၏အမျက်တော်သည်ကား မိမိတို့၏ဆိုးယုတ်မှုဖြင့် အမှန်တရားကို ဖိနှိပ်ထားသောသူတို့၏ ဘုရားမဲ့ခြင်းနှင့် ဆိုးယုတ်ခြင်းအားလုံးတို့အပေါ်သို့ ကောင်းကင်မှ ထင်ရှားစွာသက်ရောက်လာလေပြီ။-

19 အကြောင်းမူကား ဘုရားသခင်အကြောင်းကို သိနိုင်သောအရာမှာ သူတို့အတွက် ပေါ်လွင်ထင်ရှားလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုအရာကို သူတို့အား ဖော်ပြတော်မူသောကြောင့်ဖြစ်၏။-

20 ကမ္ဘာမိုးမြေကို ဖန်ဆင်းတော်မူသော အချိန်ကပင် ကိုယ်တော်၏ မမြင်နိုင်သော ဘုန်းဂုဏ်တော်များဖြစ်သည့် ထာ၀ရ တည်သော တန်ခိုးတော်နှင့် ဘုရားအဖြစ်တော်တို့ကို ကိုယ်တော်ဖန်ဆင်းတော်မူသော အရာများ၌ သူတို့သိမြင်နားလည် ခဲ့ကြ၏။ ထို့ကြောင့် ထိုသူတို့တွင် ဆင်ခြေပေးစရာ အကြောင်းမရှိပေ။-

21 အကြောင်းမူကား သူတို့သည် ဘုရားသခင်ကို သိကြသော်လည်း ကိုယ်တော့်ကို ဘုရားအဖြစ် ဂုဏ်ပြုလေးစားခြင်း သော်လည်းကောင်း၊ ကိုယ်တော့်ကို ကျေးဇူးတင်ခြင်းသော်လည်းကောင်း မရှိကြချေ။ သူတို့သည် အကျိုးမဲ့သောအရာတို့ကို တွေးတောကြ၍ သူတို့၏အသိတရားကင်းမဲ့သော စိတ်တို့မှာလည်း မှောင်မိုက်ခြင်းဖြင့် ဖုံးလွှမ်းလျက်ရှိ၏။-

22 သူတို့သည် မိမိတို့ကိုယ်ကို ပညာရှိဟုဆိုကြသော်လည်း ပညာမဲ့သူများဖြစ်လာကြ၏။-

23 သူတို့သည် သေခြင်းတရားနှင့်ကင်းသော ဘုရားသခင်၏ ဘုန်းဂုဏ်တော်နေရာ၌ သေမျိုးဖြစ်သောလူ၊ သို့မဟုတ် ငှက်များ၊ ခြေလေးချောင်းသတ္တဝါများနှင့် တွားသွားသတ္တဝါတို့၏ ရုပ်တုများဖြင့် အစားထိုးလာကြ၏။

24 ထို့ကြောင့် ဘုရားသခင်သည် သူတို့အား မိမိတို့စိတ်နှလုံးမှ ကိလေသာစိတ်၏ ဆွဲဆောင်ရာသို့လည်းကောင်း၊ မိမိတို့အချင်းချင်း၏ ကိုယ်ခန္ဓာအသရေပျက်စေခြင်းသို့လည်းကောင်း စွန့်ပစ်ထားတော်မူ၏။-

25 အကြောင်းမူကား သူတို့သည် ဘုရားသခင်၏အမှန်တရားကို လိမ်လည်လှည့်ဖြားခြင်းနှင့် ဖလှယ်ကြ၏။ သူတို့သည် အစဉ်ချီးမွမ်းထောမနာပြုခြင်းခံရသော ဘုရားသခင်ကို ငြင်းပယ်၍ ဖန်ဆင်းခံရာများကို ဝတ်ပြုကိုးကွယ်ကြ၏။

26 ဤအကြောင်းကြောင့် ဘုရားသခင်သည် သူတို့ကို ဂုဏ်သရေညှိုးစေသော ကိလေသာစိတ်သို့ စွန့်ပစ်ထားတော်မူခြင်း ဖြစ်၏။ သူတို့ထဲမှ အမျိုးသမီးများသည် ထုံးစံအတိုင်း ဆက်ဆံခြင်းအစား ဓမ္မတာနှင့်ဆန့်ကျင်သော ဆက်ဆံခြင်းကိုပြုကြ၏။-

27 ထိုနည်းတူပင် ယောက်ျားတို့ သည်လည်း ဓမ္မတာအလျောက် အမျိုးသမီးများနှင့်ဆက်ဆံသော ထုံးစံကိုစွန့်ပယ်၍ မိမိတို့အချင်းချင်းစွဲလမ်းမှု၌ ရာဂမီးတောက်လောင်လျက်ရှိကြ၏။ ယောက်ျားအချင်းချင်းသည် ရှက်ဖွယ်ရာအမှုတို့ကို ကျူးလွန်နေကြသောကြောင့် မိမိတို့၏မှားယွင်းမှုအတွက် ထိုက်သင့်သော အပြစ်ဒဏ်ကို ကိုယ်တိုင်ခံကြရ၏။

28 သူတို့သည် ဘုရားသခင်ကို လက်ခံရန် မလိုလားသောကြောင့် ဘုရားသခင်သည် သူတို့ကို နိမ့်ညံ့သောတွေးခေါ် ကြံစည်ခြင်းသို့ စွန့်ပစ်တော်မူသဖြင့် သူတို့သည် မသင့်လျော်သောအမှုများကို ပြုကျင့်ကြလေ၏။-

29 သူတို့သည် ကောက်ကျစ်မှုအမျိုးမျိုးတို့ဖြင့် ပြည့်နှက်လျက် မတရားသောမေထုန်မှီဝဲခြင်း၊ ဆိုးယုတ်ခြင်း၊ လောဘ လွန်ကြူးခြင်း၊ မနာလိုခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ လှည့်ဖြားခြင်း၊ ရန်ငြိုးထားရှိခြင်း၊ အတင်းအဖျင်းပြောခြင်း၊-

30 အသရေပျက်အောင်ပြောဆိုခြင်း၊ ဘုရားသခင်ကိုမုန်းတီးခြင်း၊ ထိခိုက်စော်ကားခြင်း၊ မာနထောင်လွှားခြင်း၊ ကြွားဝါခြင်း၊ မကောင်းရာကိုတီ ထွင်ကြံစည်ခြင်း၊ မိဘတို့၏စကားကိုနားမထောင်ခြင်း၊-

31 မိုက်မဲခြင်း၊ သစ္စာမရှိခြင်း၊ သနားကြင်နာစိတ်ကင်းမဲ့ခြင်း၊ ရိုင်းစိုင်းခြင်း စသည့်အပြစ်များကိုကျူးလွန်ကြ၏။-

32 ဤသို့သောအကျင့်မျိုးရှိသူတို့သည် သေထိုက်သည်ဟူ၍ ဘုရားသခင်စီရင်တော်မူကြောင်းကို သူတို့သိကြသော်လည်း ယင်းတို့ကို မိမိတို့ကိုယ်တိုင် ကျူးလွန်ကြသည် သာမက ထိုသို့ကျူးလွန်သော သူများကိုလည်း အားပေးအားမြှောက်ပြုကြ၏။

Ler em outra tradução

Comparar lado a lado