1 ဂျုဒရှင်ဘုရင် ဟေဇက္ကိယ၏အမှုထမ်းများကူးရေးထားသော ဆောလမွန်မင်းကြီး၏စကားပုံများသည်ကား ဤသို့ဖြစ် သတည်း။
2 အမှုအရာတို့ကို နက်နဲစေခြင်းသည် ဘုရားသခင်၏ဘုန်းဂုဏ်တော်ဖြစ်၏။ သို့သော် နက်နဲသောအမှုအရာတို့ကို ဖော်ထုတ်ခြင်းဖြင့် ဘုရင်တို့သည် ဘုန်းအရှိန်အဝါ ကိုထင်ရှားစေကြ၏။-
3 ကောင်းကင်တို့၏အမြင့်ကိုလည်း ကောင်း၊ ကမ္ဘာမြေထု ၏ အနက်ကိုလည်းကောင်း ခန့်မှန်း ၍မရနိုင်သကဲ့သို့ ဘုရင်တို့၏ စိတ်သဘောကိုလည်း ခန့် မှန်း၍မရနိုင်ပေ။-
4 ငွေသတ္တုမှ ချော်ကို ဖယ်ထုတ်လျှင် ပန်းထိမ်သမားသည် ငွေဖလားပြုလုပ်ရန် ငွေစင်ကိုရလိမ့်မည်။-
5 ဆိုးယုတ်သူတို့ကို ဘုရင်၏ရှေ့တော်မှ ဖယ်ရှားလျှင် ဘုရင်၏ထီးနန်းသည် တရားမျှတခြင်း၌ တည်လိမ့်မည်။-
6 ဘုရင်၏ရှေ့တော်၌ သင့်ကိုယ်သင် ဂုဏ်မဖော် လေနှင့်။ အရေးပါသူတို့၏နေရာကိုလည်း မယူလေနှင့်။-
7 အကြောင်းမူကား မိမိထက်မြင့်သူရှိနေ၍ နိမ့်သောနေရာ သို့ ဖယ်ပေးရသည်ထက် မြင့်သောနေရာသို့တက်လာ ပါဟူ၍ မင်းညီမင်းသား၏ရှေ့မှောက်၌ ဖိတ်ခေါ်ခံရသည် ကပို၍ကောင်း၏။
8 သင်၏မျက်စိဖြင့် မြင်ရသောအမှုအရာကို၊- တရားရုံးသို့ အလျင်စလိုမတိုင်တန်းလေနှင့်။ အကြောင်းမူကား နောင်တွင် သင်၏အိမ်နီးချင်းသည် သင့်ကို အရှက်ကွဲ စေသောအခါ သင်မည်ကဲ့သို့တုံ့ပြန်မည်နည်း။-
9 သင်၏ အမှုကို သင်၏အိမ်နီးချင်းနှင့် မျက်နှာချင်းဆိုင်၍ ဆွေးနွေးပါလော့။ သို့သော် သူတစ်ပါး၏လျှို့ဝှက်ချက်ကို မဖော် ထုတ်မိစေနှင့်။-
10 သို့မဟုတ်လျှင် ထိုလျှို့ဝှက်ချက်ကိုကြားသောသူသည် သင့်ကိုအရှက်ကွဲစေသောကြောင့် သင်၏အမည်ဆိုးသည် မည်သည့် အခါမှ ပျောက်ကွယ်လိမ့် မည်မဟုတ်။
11 သင့်တင့်လျောက်ပတ်စွာပြောဆိုသောစကားတို့သည် ငွေထည်ပေါ်တွင်စီခြယ်ထားသည့် ရွှေပန်းသီးများနှင့်တူ၏။-
12 ပညာသတိနှင့်ပြည့်စုံသောဆုံးမသတိပေးစကားများသည် သတိနှင့်နားထောင်သောသူ၏နားထဲတွင် ရွှေနားကွင်းများ ကဲ့သို့လည်းကောင်း၊ ရွှေစင်ဖြင့်ပြုလုပ်ထားသောလက်ဝတ်တန်ဆာများကဲ့သို့လည်းကောင်း အဖိုးထိုက်လှပေ၏။-
13 စပါးရိတ်သိမ်းချိန်၌ကျသောနှင်းပွင့်တို့ကြောင့် အေးချမ်းသကဲ့သို့ စိတ်ချယုံကြည်ရသောစေတမန်သည် သူ့အား စေလွှတ် သောသူများကို အေးချမ်းစေ၍ မိမိသခင်တို့၏စိတ်ကို လန်းဆန်းစေ၏။-
14 လက်ဆောင်ပေးမည်ဟု ကြွားဝါပြောဆိုပြီးမှ မပေးသောသူသည် မိုးရေမပါသောတိမ်နှင့် လေကဲ့သို့ ဖြစ်၏။
15 အုပ်ချုပ်သောဘုရင်ကို သည်းခံခြင်းဖြင့် ဖျောင်းဖျနိုင်၏။ ညင်သာသိမ်မွေ့စွာပြောဆိုသောစကားသည် အရိုးကိုပင် ကျိုးစေနိုင်၏။-
16 ပျားရည်ကိုတွေ့ရှိပါလျှင် သင့်အတွက် လုံလောက်ရုံမျှသာ စားသုံးပါလော့။ သို့မဟုတ်လျှင် သင်၌ရင်ပြည့်၍ အော့အန်ရ လိမ့်မည်။-
17 သင်၏အိမ်နီးချင်းအိမ်သို့ တစ်ခါတစ်ရံသာလည်ပတ်လော့။ ထိုသို့ မဟုတ်လျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းတီးလာလိမ့် မည်။-
18 မိမိ၏အိမ်နီးချင်းကို ဆန့်ကျင်၍ မုသားသက်သေ ခံသောသူသည် တင်းပုတ်၊ ဓား၊ သို့မဟုတ် ချွန်သောမြားနှင့်တူ၏။-
19 ဒုက္ခရောက်နေချိန်၌ သစ္စာမဲ့သောသူကို မှီခိုအားကိုးခြင်းသည် ယိုင်နဲ့သောသွားဖြင့် အစာစားရခြင်း၊ သို့မဟုတ် မသန် သောခြေဖြင့် လျှောက်လှမ်းရခြင်းနှင့်တူ၏။-
20 စိတ်နှလုံးလေးလံနေသူကို သီချင်းဆိုပြရသော သူသည် ချမ်းအေးသောနေ့တွင် အဝတ်ကို ချွတ်လိုက်သောသူကဲ့သို့ လည်းကောင်း၊ ဒဏ်ရာပေါ်တွင် ပုန်းရည် အလောင်းခံရသကဲ့သို့လည်းကောင်းဖြစ်၏။-
21 သင်၏ ရန်သူသည် အစာငတ်နေလျှင် သူ့အား စားစရာကိုပေးလော့။ ရေငတ်နေလျှင် သူ့အား သောက်ရေပေးလော့။-
22 ထိုသို့ပြုလုပ်လျှင် သင်သည် သူ၏ခေါင်းပေါ်တွင် မီးခဲများကိုပုံထားသကဲ့သို့ဖြစ်ပြီး ထာ၀ရဘုရားသခင်သည် သင့်ကို ဆုချတော်မူလိမ့်မည်။-
23 မြောက်အရပ်မှလေသည် မိုးရေကို သယ်ဆောင်လာ၏။ ကုန်းချောတတ် သောလျှာသည် ဒေါသထွက်သောအကြည့် များကို ဖြစ်ပေါ်စေ၏။-
24 ရန်လိုသောမိန်းမနှင့် အိမ်တွင်အတူနေရသည်ထက် အိမ်ခေါင်မိုးအထပ်ရှိ ထောင့်တစ်နေရာတွင် နေရခြင်းက ပို၍ကောင်း ၏။-
25 ဝေးလံသောတိုင်းပြည်မှ သတင်းကောင်းကို ကြားရခြင်းသည် ရေငတ်နေသော အချိန်တွင် အေးမြသောရေကို သောက်ရ သကဲ့သို့ဖြစ်၏။-
26 သူယုတ်မာကို အလျှော့ပေးလိုက်သောဖြောင့်မတ်သူသည် ရေနောက်သောစမ်းအိုင်၊ သို့မဟုတ် ညစ်ညူးသောစမ်းချောင်း နှင့်တူ၏။-
27 ပျားရည်ကို လွန်ကြူးစွာ စားသုံးလျှင် မကောင်းသကဲ့သို့ မိမိကိုယ်ကို ထပ်တလဲလဲ ကိုယ်ရည်သွေးခြင်းမှာလည်း မကောင်း ပေ။-
28 မိမိစိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးများဖျက်ဆီးခံရ၍ ဟင်းလင်းပြင်ဖြစ်နေသောမြို့နှင့်တူ၏။