1 ကိုယ်တော်သည် တပည့်တော်ကြီးတစ်ဆယ့် နှစ်ပါးတို့ကို အထံတော်သို့ ခေါ်ဆောင်တော်မူ ပြီးနောက် ညစ်ညူးသော နတ်ဆိုးများကို နှင်ထုတ်နိုင်ရန် နှင့် အနာရောဂါအမျိုးမျိုးကိုပျောက်ကင်းစေနိုင်ရန်အခွင့်အာဏာကို ပေးအပ်တော်မူ၏။ -
2 တပည့်တော်ကြီးတစ် ဆယ့်နှစ်ပါးတို့၏အမည်များကား ပထမဦးစွာ ပေတရုဟု ခေါ်သော စီမွန်နှင့် သူ၏ညီ အန္ဒြေးယ၊ ဇေဘေဒေးဦး၏ သားဖြစ်သော ယာကုပ်နှင့် သူ၏ညီ ယောဟန်၊-
3 ဖိလိပု နှင့် ဘာသိုလိုမေးဦး၊ သောမနှင့် အခွန်ခံသူ မာတေးဦး၊ အာလ်ဖေးဦး၏သား ယာကုပ်နှင့် သာဒေးဦး၊ -
4 ကာနန် နယ်သား စီမွန်နှင့် ကိုယ်တော့်ကိုအပ်နှံသော ဂျုဒအစ္စ ကာရီယုဒ် တို့ဖြစ် ကြသတည်း။
5 ယေဇူးသည် ထိုတပည့်တော်ကြီးတစ်ဆယ့်နှစ်ပါး တို့ကိုစေလွှတ်၍ မိန့်မှာတော်မူသည်ကား လူမျိုးခြားတို့ ၏နယ်များသို့ မသွားကြနှင့်။ ဆမာရိယလူမျိုးတို့၏မြို့ရွာ များကိုလည်း မဝင်ကြနှင့်။-
6 အစ္စရာအဲလ်လူမျိုးများထဲမှ လမ်းမှားပျောက်ဆုံးနေသောသိုးများထံသို့သာ သွားကြလော့။ -
7 သင်တို့သွားကြစဉ်တွင် ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟု ဟောပြောကြလော့။ -
8 ဖျားနာ သောသူတို့ကို ကုသပေးကြလော့။ သေသောသူတို့ကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်တို့ကို စင် ကြယ်ပျောက်ကင်းစေကြလော့။ နတ်ဆိုးများကို နှင် ထုတ်ကြလော့။ သင်တို့သည် အဖိုးအခမပေးဘဲ ခံယူရ ရှိကြသည်ဖြစ်၍ အဖိုးအခမယူဘဲ ပေးကမ်းကြလော့။-
9 သင်တို့၏ခါးပိုက်ဆောင်အိတ်၌ ရွှေ၊ ငွေနှင့် ကြေးနီပြားတို့ ကိုလည်းကောင်း၊-
10 လမ်းခရီးအတွက် လွယ်အိတ်၊ ဝတ်ရုံနှစ်ထည်၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်းကောင်း သယ်ဆောင်မသွားကြနှင့်။ အကြောင်း မူကား အလုပ် လုပ်သောသူသည် မိမိနှင့်ထိုက်သင့်သောရိက္ခာကိုရထိုက်၏။-
11 မည်သည့်မြို့ရွာသို့မဆို သင်တို့ဝင်ကြသောအခါ ထိုအရပ်၌ ယုံကြည်လေးစားထိုက်သူကို မေးမြန်း ရှာဖွေ၍ သင်တို့ အခြား အရပ်သို့ထွက်ခွာမသွားမချင်းထိုသူနှင့် အတူနေထိုင်ကြလော့။ -
12 အိမ်သို့ဝင်သောအခါ ဤအိမ်၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု နှုတ်ဆက်ကြလော့။-
13 အကယ်၍ ထိုအိမ်ထောင်စုသည် ခံစားထိုက် လျှင် သင်တို့၏ငြိမ်းချမ်းခြင်းမင်္ဂလာသည် သူတို့အပေါ် သို့သက်ရောက် လိမ့်မည်။ ထိုသူတို့မခံစားထိုက်လျှင်မူ ကား ထိုငြိမ်းချမ်းခြင်းမင်္ဂလာသည် သင်တို့ထံသို့ ပြန်လာလိမ့်မည်။-
14 အကြင်သူသည် သင်တို့ကို လက်မခံသည့် အပြင် သင်တို့၏စကားကိုလည်း နားမထောင်ပါက ထိုအိမ်၊ သို့မဟုတ် ထိုမြို့မ ှထွက်ခွာသွားလျက် သင်တို့၏ ခြေမှ မြေမှုန့်ကို ခါချပစ်ခဲ့ကြလော့။-
15 သင်တို့အား ငါအမှန် ဆိုသည်ကား တရားစီရင်တော်မူရာနေ့၌ ဆောဒိုမာမြို့နှင့် ဂေါ်မော ရာမြို့တို့သည် ထိုမြို့ထက် ပို၍ခံသာကြလိမ့် မည်။-
16 ဝံပုလွေများအလယ်သို့ သိုးများကိုစေလွှတ်သကဲ့ သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် သင်တို့သည် မြွေတို့ကဲ့သို့ပါးနပ် လျက်ချိုးငှက်တို့ကဲ့သို့အပြစ်ကင်း စင်ကြလော့။-
17 လူတို့ကို သတိပြုကြလော့။ အကြောင်း မူကား သူတို့သည် သင်တို့ကို တရားရုံး၌အပ်နှံကြ၍ သူတို့၏တရားဇရပ် များ၌ ရိုက်နှက်ကြလိမ့်မည်။-
18 သင်တို့ သည် ငါ့အတွက်ကြောင့် မြို့ဝန်များနှင့် ရှင်ဘုရင်များရှေ့ မှောက်သို့ ဆွဲငင်ပို့ဆောင်ခြင်းခံကြရလိမ့်မည်။ ဤသို့ဖြင့် သင်တို့သည် ထိုသူတို့နှင့် လူမျိုးခြားတို့ရှေ့တွင် သက်သေခံကြရလိမ့်မည်။-
19 ထိုသူတို့သည် သင်တို့ကို အပ်နှံ ကြသောအခါ သင်တို့မည်ကဲ့သို့ပြောဆိုရမည်၊ မည်သည့် အရာကိုပြောဆိုရမည်ဟူ၍ မစိုးရိမ် ကြနှင့်။ အကြောင်း မူကား သင်တို့ပြောဆိုရမည့်စကားများကို ထိုအချိန်နာရီ ၌ပင် သင်တို့သိရလိမ့်မည်။-
20 အဘယ်ကြောင့်ဆိုသော် ပြောဆိုမည့်သူသည် သင်တို့မဟုတ်ဘဲ သင်တို့အားဖြင့် ပြောဆိုတော်မူသော သင်တို့အဖ၏ ဝိညာဉ်တော်ဖြစ်၏။
21 ညီအစ်ကိုချင်းတစ်ယောက်ကို တစ်ယောက် သေစေရန် အပ်နှံကြလိမ့်မည်။ အဖသည်လည်း သားကို သေစေ ခြင်းငှာ အပ်နှံလိမ့်မည်။ သားသမီးတို့သည်လည်း မိဘ တို့ကို ဆန့်ကျင်ပုန်ကန်၍ သူတို့ကို သတ်စေကြလိမ့် မည်။-
22 သင်တို့သည် ငါ၏နာမအတွက် လူအပေါင်းတို့၏ မုန်းတီးခြင်းကို ခံကြရလိမ့်မည်။ သို့ရာတွင် အဆုံးတိုင် အောင် တည်ကြည်ခိုင်မြဲသောသူသည် ကယ်တင်ခြင်းခံ ရလိမ့်မည်။-
23 သူတို့သည် မြို့တစ်မြို့ ၌ သင်တို့ကို လိုက်လံ ညှဉ်းဆဲကြလျှင် အခြားတစ်မြို့သို့ ထွက်ပြေးတိမ်းရှောင် ကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား လူသား ကြွလာတော်မူသည့်တိုင်အောင် အစ္စရာအဲလ်ပြည်၏ မြို့ရှိသမျှသို့သင်တို့ရောက်ရှိကြလိမ့်မည်မဟုတ်။
24 တပည့်သည် ဆရာထက် မသာ၊ ကျွန်သည်လည်း သခင်ထက် မကြီးမြတ်နိုင်။-
25 တပည့်သည် ဆရာကဲ့သို့ လည်းကောင်း၊ ကျွန်သည် သခင်ကဲ့သို့လည်းကောင်း ဖြစ်လျှင် လုံလောက်လေပြီ။ သူတို့သည် အိမ်၏အရှင်သခင်ကို ဘဲလ်ဇေဘုလ်ဟုခေါ်ဝေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို ပို၍ဆိုးရွားသောအမည်များဖြင့် ခေါ်ဝေါ်ကြ ပေလိမ့်မည်။
26 ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့်။ ထုတ်ဖော် ပြောခြင်းမခံရစေရန် ဖုံးကွယ်ထားနိုင်သည့်အရာမရှိ။ လူမသိစေရန် လျှို့ဝှက်ထားနိုင်သည့်အရာဟူ၍လည်းမရှိ။-
27 အမှောင်တွင် သင်တို့အား ငါပြောသောအရာကို အလင်း၌ ပြောကြားကြလော့။ သင်တို့တီးတိုးကြားကြ ရသောအရာကိုလည်း အိမ်ခေါင်မိုးထက်မှ ကြေညာကြ လော့။-
28 ကိုယ်ခန္ဓာကိုသတ်၍ ဝိညာဉ်ကို မသတ်နိုင် သောသူတို့အား မကြောက်ကြနှင့်။ ဝိညာဉ်နှင့် ကိုယ် ခန္ဓာကိုပါ ငရဲ၌ဖျက်ဆီးနိုင် သောသူကိုသာ ကြောက်ကြ လော့။-
29 စာငှက်နှစ်ကောင်ကို ငွေတစ်ပဲဖြင့် ရောင်းရ သည်မဟုတ်လော။ သင်တို့၏အဖအလိုတော်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေပေါ်သို့ကျလိမ့်မည်မဟုတ်။-
30 သင်တို့၏ဦးခေါင်းရှိ ဆံပင်တို့ကိုပင်လျှင် ရေတွက်ထား တော်မူ၏။-
31 ထို့ကြောင့် ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သင်တို့သည် စာငှက်များစွာတို့ထက် ပို၍တန်ဖိုးရှိကြ၏။-
32 သို့ဖြစ်၍ လူတို့ရှေ့ ၌ ငါ့အားသိမှတ်ဝန်ခံသောသူ တိုင်းကို ငါသည်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော် ရှေ့တွင် သိမှတ်ဝန်ခံမည်။-
33 လူတို့ရှေ့ ၌ ငါ့အား ငြင်းပယ်သောသူတိုင်းကို ငါသည်လည်း ကောင်း ကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော်ရှေ့တွင် ငြင်း ပယ်မည်။
34 ကမ္ဘာပေါ်သို့ ငြိမ်းချမ်းခြင်းကိုဆောင်ကြဉ်းပေးရန် ငါလာသည်ဟုမထင်မှတ်ကြနှင့်။ ငြိမ်းချမ်းခြင်းကိုဆောင် ကြဉ်းပေးရန် ငါလာသည်မဟုတ်။ ဓားကိုဆောင်ကြဉ်း ပေးရန်သာ ငါလာ၏။
35 အကြောင်းမူကား သားနှင့် အဖ၊ သမီးနှင့် အမိ၊ ချွေးမနှင့် ယောက္ခမအချင်းချင်းစိတ်ဝမ်းကွဲ စေအံ့သောငှာငါလာ၏။
36 လူတစ်ဦး၏ရန်သူတို့မှာ လည်း သူ၏အိမ်သူအိမ်သားများပင်ဖြစ်လိမ့်မည်။
37 အဖ၊ သို့မဟုတ် အမိကို ငါ့ထက်ပို၍ချစ်သောသူ သည် ငါနှင့်မထိုက်တန်။ သား၊ သို့မဟုတ် သမီးကို ငါ့ ထက် ပို၍ချစ်သော သူသည် ငါနှင့်မထိုက်တန်။
38 မိမိ၏ လက်ဝါးကပ်တိုင်ကို မထမ်းဘဲ ငါ့နောက်သို့လိုက်သော သူသည် ငါနှင့်မထိုက်တန်။
39 မိမိ၏အသက်ကို ရှာဖွေတွေ့ရှိသောသူသည် အသက်ကိုဆုံးရှုံးလိမ့်မည်။ ငါ့အတွက်ကြောင့် မိမိ၏အသက်ကို အဆုံးရှုံးခံသော သူသည် ထို အသက်ကိုရလိမ့်မည်။
40 သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူ သောသူကို လက်ခံ၏။
41 လူတစ်ဦးသည် ပရောဖက်တစ် ပါးဖြစ်ခြင်းကြောင့် ထိုပရောဖက်ကိုလက်ခံသောသူသည် ပရောဖက်၏ဆုလာဘ်ကို ရလိမ့်မည်။ ထို့အတူ လူတစ်ဦးသည် ဖြောင့်မတ်သောသူဖြစ်ခြင်းကြောင့် ထို ဖြောင့်မတ်သူကို လက်ခံသောသူသည် ဖြောင့်မတ်သူ၏ ဆုလာဘ်ကို ရလိမ့်မည်။
42 သင်တို့အား ငါအမှန်ဆိုသည်ကား ဤအငယ်ဆုံးသောသူတို့တွင် တစ်ယောက်အား ငါ၏တပည့်ဖြစ်ခြင်းကြောင့် ရေအေးတစ် ခွက်မျှပင် ပေး သောသူသည် ထိုသူ၏ဆုလာဘ်ကို ဆုံးရှုံးလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။