1 ထိုနေ့ရက်တို့၌ များစွာသောလူတို့သည် တစ်ဖန်စုဝေးလာကြပြန်၏။ ထိုသူတို့၌ စားစရာမရှိသောကြောင့် ကိုယ်တော်သည် သူ၏တပည့်တော်တို့ကို အထံတော်သို့ခေါ်ပြီးလျှင် သူတို့အား မိန့်တော်မူသည်ကား၊-
2 ဤလူအစုအဝေးကို ငါသနား၏။ အကြောင်းမူကား သူတို့သည် ယခုဆိုလျှင် ငါနှင့်အတူ သုံးရက်တိုင်တိုင်ရှိနေခဲ့ကြပြီ။ သူတို့၌ စားစရာလည်း မရှိကြချေ။-
3 သူတို့ကို ဆာလောင်လျက် အိမ်သို့ ငါပြန်လွှတ်လျှင် သူတို့သည် လမ်းခရီး၌ အားပြတ်၍ လဲကြလိမ့်မည်။ သူတို့ထဲမှ အချို့သည် ဝေးလံသောခရီးမှ လာခဲ့ကြ၏ဟု မိန့်တော်မူ၏။-
4 တပည့်တော်တို့ကလည်း ဤတောအရပ်၌ ဤသူတို့ကို ပေါင်မုန့်နှင့် မည်ကဲ့သို့အလုံအလောက်ကျွေးနိုင်ပါမည်နည်းဟု ကိုယ်တော်အား လျှောက်ထားကြလေ၏။-
5 ထိုအခါ ကိုယ်တော်က သင်တို့၌ ပေါင်မုန့်မည်မျှရှိသနည်းဟု မေးတော်မူလျှင် သူတို့က ခုနစ်လုံးရှိပါသည်ဟုဖြေကြ၏။-
6 ထိုအခါ ကိုယ်တော်သည် လူအစုအဝေးတို့ကို မြေပေါ်၌ ထိုင်ကြရန် အမိန့်ပေးတော်မူပြီးနောက် ပေါင်မုန့်ခုနစ်လုံးကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းလျက် ၎င်းတို့ကိုဖဲ့တော်မူ၏။ ထို့နောက် ၎င်းတို့ကို လူတို့၏ရှေ့တွင်တည်ခင်းစေခြင်းငှာ တပည့်တော်တို့ အားပေးတော်မူ၏။ တပည့်တော်တို့သည်လည်း ပေါင်မုန့်များကို လူအစုအဝေးရှေ့တွင် တည်ခင်းကျွေးမွေးကြ၏။-
7 သူတို့၌ ငါးအနည်းငယ်ရှိသဖြင့် ထိုငါးတို့ကိုလည်း ကောင်းချီးပေး၍ လူတို့၏ရှေ့၌ တည်ခင်းရန် အမိန့်ရှိတော်မူ၏။-
8 ထိုသူတို့စား၍ ၀ကြပြီးမှ တပည့်တော်တို့သည် ကြွင်းကျန်သောအကျိုးအပဲ့ များကိုကောက်ယူစုသိမ်းရာ ခုနစ်တောင်း အပြည့်ရကြလေ၏။-
9 စားကြသောသူတို့သည်ကား လေးထောင်ခန့်ရှိသတည်း။-
10 ထို့နောက် ကိုယ်တော်သည် လူအစုအဝေးကို ပြန်လွှတ်ပြီး ချက်ချင်းပင် တပည့်တော်တို့နှင့်အတူလှေပေါ်သို့တက်၍ ဒါမာနုသနယ်သို့ ကြွတော်မူ၏။
11 ဖာရီဇေးဦးတို့သည် အထံတော်သို့ရောက်လာကြ၍ ကိုယ်တော်နှင့် စတင်ဆွေးနွေးငြင်းခုံကြလျက် ကိုယ်တော်ကို စမ်းသပ် ရန် ကောင်းကင်မှ နိမိတ်လက္ခဏာကို တောင်းကြလေ၏။-
12 ထိုအခါ ကိုယ်တော်သည် စိတ်နှလုံးအတွင်း၌ သက်ပြင်းချလျက် ဤလူမျိုးဆက်သည် အဘယ်ကြောင့် နိမိတ်လက္ခဏာ ကိုတောင်းကြသနည်း။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤလူမျိုးဆက်အား မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။-
13 ကိုယ်တော်သည် သူတို့ထံမှ ထွက်ခွာ၍ တစ်ဖန်လှေပေါ်သို့တက်ပြီးလျှင် တစ်ဖက်ကမ်းသို့ ကြွ တော်မူ၏။
14 ထိုအချိန်တွင် တပည့်တော်တို့သည် ပေါင်မုန့်ယူ ဆောင်လာရန် မေ့လျော့ခဲ့ကြသဖြင့် လှေပေါ်တွင်သူတို့၌ ပေါင်မုန့်တစ်လုံး သာရှိ၏။-
15 ကိုယ်တော်ကလည်း ဖာရီဇေးဦးတို့၏တဆေးနှင့် ဟေရုဒ်၏တဆေးကိုရှောင်ရန် သတိပြုကြလော့ဟု မိန့်တော်မူ၏။-
16 ထိုအခါ သူတို့က ငါတို့၌ ပေါင်မုန့်မပါသောကြောင့်ဤသို့ပြောသည်ဟု အချင်း ချင်းပြောဆိုကြ၏။-
17 ယေဇူးသည်လည်း ထိုအဖြစ်ကို သိတော်မူသည်ဖြစ်၍ သူတို့အား ဆိုသည်ကား သင်တို့၌ ပေါင်မုန့်မပါလာသည့် အကြောင်း ကို အဘယ်ကြောင့် ဆွေးနွေးကြသနည်း။ သင်တို့သည် ယခုတိုင်အောင် မသိကြသလော။ သို့မဟုတ် နားမလည်ကြသလော။ သင် တို့၏စိတ်နှလုံးသည် မာကြောခိုင်မာနေသလော။-
18 သင်တို့တွင် မျက်စိရှိလျက် မမြင်ကြသလော။ နားရှိလျက်နှင့် မကြားကြသလော။ သင်တို့မမှတ်မိကြသလော။-
19 ငါသည် ပေါင်မုန့်ငါးလုံးကိုဖဲ့၍ လူငါးထောင်အား ကျွေးမွေး သောအခါ အကျိုးအပဲ့တောင်းမည်မျှ သင်တို့ကောက် သိမ်းခဲ့ကြ သနည်းဟုမေးတော်မူလျှင် သူတို့က တစ်ဆယ့်နှစ်တောင်းဟု ကိုယ်တော်အား လျှောက်ကြ၏။-
20 တစ်ဖန် ငါသည် ပေါင်မုန့်ခုနစ်လုံးကိုဖဲ့၍ လူလေးထောင်အား ကျွေးမွေးသောအခါ အကျိုးအပဲ့တောင်းမည်မျှ သင်တို့ ကောက်သိမ်းခဲ့ကြသနည်းဟု မေးတော်မူလျှင် သူတို့က ခုနစ်တောင်းဟု လျှောက်ကြ၏။-
21 ကိုယ်တော်ကလည်း သို့ဖြစ်လျှင် သင်တို့ယခုတိုင်အောင် နားမလည်နိုင်ကြ သလောဟု သူတို့အား မိန့်တော်မူ၏။
22 သူတို့သည် ဘက်ဇိုင်းဒါသို့ ရောက်ကြသောအခါလူအချို့သည် မျက်မမြင်တစ်ဦးကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၍ ထိုသူ့ကို တို့ထိတော်မူပါမည့်အကြောင်း ကိုယ်တော်အား တောင်းပန်ကြ၏။-
23 ကိုယ်တော်သည်လည်း မျက်စိမမြင်သောသူ၏လက်ကို ဆွဲလျက် သူ့ကို ရွာအပြင်သို့ ခေါ်ဆောင်သွားတော်မူ၏။ ထို့နောက် ကိုယ်တော်သည် ထိုသူ၏မျက်စိများကို တံတွေးဖြင့်ဆွတ်၍ သူ့အပေါ်၌ လက်တော်ကိုတင်လျက် သင်သည် တစ်စုံတစ်ရာကို မြင်သလောဟုမေးတော်မူ၏။-
24 ထိုသူကလည်း မော်ကြည့်၍ အကျွန်ုပ်သည် လူတို့ကိုမြင်ရပါသည်။ သို့ သော် သူတို့သည် လမ်းလျှောက်နေသောသစ်ပင် များနှင့် တူပါသည်ဟု လျှောက်လေ၏။-
25 ထိုအခါ ကိုယ်တော် သည် သူ၏မျက်စိများပေါ်သို့ မိမိလက်တော်ကို တစ်ဖန် တင်တော်မူ၏။ ထို့နောက် ထိုသူသည် စူးစိုက်၍ ကြည့်ရာ အကောင်းပကတိပြန်ဖြစ်လာ၍ အရာအားလုံးကို ကြည် လင်စွာ မြင်ရလေ၏။-
26 ထိုအခါ ကိုယ်တော်သည် သူ့ကို သူ၏အိမ်သို့ပြန်လွှတ်၍ ရွာထဲသို့မဝင်လေနှင့်ဟု မိန့်မှာ တော်မူ၏။
27 ယေဇူးသည် တပည့်တော်တို့နှင့်အတူ ဆီဇားရိယ ဖိလိပိနယ်ရှိ ကျေးရွာများသို့ကြွတော်မူ၏။ လမ်းခရီး၌ ကိုယ်တော်က လူတို့သည် ငါမည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်းဟု မိမိတပည့်တော်တို့အား မေးတော်မူ၏။-
28 သူတို့ကလည်း အချို့က ယောဟန်ဘတ္တိဇံ၊ တချို့က ဧလိယ၊ အခြားသောသူတို့က ပရောဖက်တစ်ပါးပါးဖြစ်သည် ဟူ၍ ဆိုကြပါသည်ဟု လျှောက်ထားကြ၏။-
29 ထိုအခါ ကိုယ်တော်က သင်တို့မူကား ငါမည်သူဖြစ်သည်ဟူ၍ ပြောဆိုကြသနည်းဟု မေးတော်မူလျှင် ပေတရုက ကိုယ် တော်သည် ခရစ်တော်ဖြစ်တော်မူပါသည်ဟု လျှောက်လေ၏။-
30 ကိုယ်တော်ကလည်း မိမိ၏အကြောင်းကို မည် သူ့ကိုမျှမပြောစေခြင်းငှာ သူတို့ကို တားမြစ်တော်မူ၏။
31 ထိုအခါ ကိုယ်တော်က လူသားသည် ကြီးစွာသော ဒုက္ခဝေဒနာခံရမည့်အကြောင်းကိုလည်းကောင်း၊ သက်ကြီးဝါကြီးများ၊ ကျမ်းတတ်ဆရာများနှင့် ရဟန်းအကြီး အကဲများ၏ငြင်းပယ်ခြင်းကိုခံရ၍ အသေသတ်ခြင်းခံရ မည့်အကြောင်းကိုလည်းကောင်း၊ သုံးရက်လွန်ပြီးသော အခါတွင် ရှင်ပြန်ထမြောက်မည့်အကြောင်းကိုလည်းကောင်း သူတို့အား စတင်သွန်သင်တော်မူ၏။-
32 ကိုယ်တော်သည် ဤအကြောင်းကို ပွင့်လင်းစွာ မိန့်မြွက်တော် မူသောအခါ ပေတရုသည် ကိုယ်တော်ကိုခေါ်ထုတ်သွား ၍ စတင်ပြစ်တင်ပြောဆိုလေ၏။-
33 သို့သော် ကိုယ်တော်သည် တပည့်တော်များဘက်သို့လှည့်၍ ကြည့်လျက် ပေတရုအား အချင်းစာတန်၊ ငါ့နောက်သို့ဆုတ် လော့။ သင်သည် ဘုရားသခင်နှင့်ဆိုင်ရာကိုစိတ်မစွဲဘဲ လူတို့နှင့်ဆိုင်ရာကိုသာ စိတ်စွဲလျက်ရှိသည်ဟု ပြစ်တင်ပြောဆိုတော်မူ ၏။
34 ကိုယ်တော်သည် မိမိတပည့်တော်များနှင့်အတူ လူအစုအဝေးတို့ကို အထံတော်သို့ခေါ်ပြီးလျှင် သူတို့အား မိန့်တော်မူသည် ကား ငါ၏နောက်သို့လိုက်လိုသောသူသည် မိမိကိုယ်ကိုငြင်းပယ်စေ။ မိမိ၏လက်ဝါးကပ်တိုင် ကိုလည်းထမ်း၍ ငါ၏နောက်သို့ လိုက်စေ။-
35 အကြောင်းမူကား မိမိ၏အသက်ကိုကယ်တင်လိုသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ငါ့အတွက်နှင့် ဧဝံဂေလိတရား တော်အတွက်ကြောင့် အသက်ဆုံးရှုံးရသောသူသည် မိမိ၏ အသက်ကို ကယ်တင်လိမ့်မည်။-
36 လူသည် စကြ၀ဠာတစ်ခုလုံးကို အစိုးရသော်လည်း မိမိ၏အသက် ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။-
37 လူသည် မိမိ၏အသက်ကို မည်သည့်အရာနှင့်လဲလှယ်နိုင်မည်နည်း။-
38 အကြောင်းမူကား အပြစ်ကျူးလွန်၍ စာရိတ္တဖောက်ပြန်တတ်သော ဤလူမျိုးဆက်တွင် မည်သူမဆို ငါနှင့်ငါ့စကားများ ကြောင့်ရှက်လျှင် လူသားသည် သန့်ရှင်းသောကောင်းကင်တမန်တော်များနှင့်အတူ ခမည်းတော်၏ဘုန်းဂုဏ်တော်၌ ကြွလာ တော်မူသော အခါ ထိုသူ့အတွက် ရှက်လိမ့်မည်ဟု မိန့်တော်မူ၏။