1 ဤသို့မိန့်မြွက်တော်မူပြီးနောက် ယေဇူးသည် ကောင်းကင်သို့ မျှော်ကြည့်လျက် မြွက်ဆိုသည်ကား အိုအဖ၊ အချိန်နာရီ ကျရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေနိုင်ရန် အလို့ ငှာ သားတော်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေတော်မူပါ။-
2 အကြောင်းမူကား ကိုယ်တော်သည် သားတော်၏ လက်သို့အပ်နှံထားသော သူအပေါင်းတို့အား ထာ၀ရအသက်ကို ပေးစေခြင်းငှာ လူသားအားလုံးအပေါ်၌ အုပ်စိုးရသော တန်ခိုးအာဏာကို သားတော်အား ပေးတော်မူ၏။-
3 ထာ၀ရအသက်ဟူမူကား စစ်မှန်သောဘုရား တစ်ဆူတည်းဖြစ်သည့် ကိုယ်တော့်ကိုလည်းကောင်း၊ ကိုယ်တော် စေလွှတ်တော်မူသော ယေဇူးခရစ်တော်ကိုလည်းကောင်း သူတို့သိမှတ်ဝန်ခံကြခြင်းပင်ဖြစ်၏။-
4 အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော အမှုတော်တို့ကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ခြင်းဖြင့် အကျွန်ုပ်သည် ဤကမ္ဘာမြေကြီးပေါ်၌ ကိုယ်တော်၏ ဘုန်းဂုဏ်တော်ကို ထင်ရှားစေပါပြီ။-
5 အိုအဖ၊ ဤကမ္ဘာမြေမတည်ရှိမီကပင် ကိုယ်တော်နှင့်အတူ အကျွန်ုပ်စံစားခဲ့ရသည့် ဘုန်းဂုဏ်တော်ကို အကျွန်ုပ်အား ကိုယ်တော်၏ရှေ့တော်တွင် ယခု ပေးတော်မူပါ။
6 ဤလောကထဲမှ ကိုယ်တော်ရွေးချယ်၍ အကျွန်ုပ်ထံ ပေးအပ်တော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမတော်ကို ဖော်ပြခဲ့ပါပြီ။ သူတို့ကို ကိုယ်တော် ပိုင်ဆိုင်တော်မူပြီး ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်အား ပေးတော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်ကို လိုက်နာစောင့်ထိန်းကြပါပြီ။-
7 အကျွန်ုပ်အား ပေးတော်မူသော အရာဟူသမျှသည် ကိုယ်တော့်ထံမှ ဖြစ်ကြောင်းကို ယခုသူတို့ သိရှိကြပါပြီ။-
8 အကြောင်းမူကား အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသော နှုတ်တော်ထွက်တရားတော်များကို အကျွန်ုပ်သည် သူတို့အား ပေးပါ၏။ သူတို့သည်လည်း နှုတ်တော်ထွက်တရားတော်ကို ခံယူကြ၍ အကျွန်ုပ်သည် ကိုယ်တော်၏အထံတော်မှ လာကြောင်းကို သူတို့အမှန်ပင် သိကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကိုလည်း သူတို့ ယုံကြည်ကြပါ၏။-
9 အကျွန်ုပ်သည် သူတို့အတွက် ဆုတောင်းပါ၏။ ဤလောကအတွက် အကျွန်ုပ်ဆုမတောင်းပါ။ သို့သော်လည်း အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော သူတို့သည် ကိုယ်တော်ပိုင်ဆိုင်သော သူများဖြစ်သောကြောင့် သူတို့အတွက် အကျွန်ုပ်ဆုတောင်းပါ၏။-
10 အကျွန်ုပ်၌ ရှိသမျှအားလုံးကို ကိုယ်တော်ပိုင်ပါ၏။ ကိုယ်တော်၌ ရှိသမျှကိုလည်း အကျွန်ုပ်ပိုင်ပါ၏။ ထိုသူများအားဖြင့် အကျွန်ုပ်၏ဘုန်းထင်ရှားပါ၏။-
11 အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ လာမည်ဖြစ်၍ ဤလောကတွင် ရှိတော့မည် မဟုတ်ပါ။ သို့သော် သူတို့မူကား ဤလောကတွင် ရှိနေကြပါမည်။ သန့်ရှင်းမွန်မြတ်တော်မူသောအဖ၊ အကျွန်ုပ်အား ကိုယ်တော်အပ်နှံထားသော သူတို့သည် အကျွန်ုပ်တို့ကဲ့သို့ တစ်လုံးတစ်၀တည်း ရှိကြစေရန် ကိုယ်တော်၏ နာမတော်၌ စောင့်ရှောက်တော်မူပါ။-
12 အကျွန်ုပ်သည် အကျွန်ုပ်အား ကိုယ်တော်အပ်နှံထားတော်မူသော သူတို့နှင့်အတူရှိစဉ် ကိုယ်တော်၏နာမတော်၌ သူတို့ကို စောင့် ရှောက်ခဲ့ပါ၏။ အကျွန်ုပ်သည် သူတို့ကိုစောင့်ကြပ်ခဲ့ပါပြီ။ ကျမ်းချက်ပြည့်စုံစေခြင်းငှာ ပျက်စီးရမည့်သူတစ်ဦးမှ တစ်ပါး အခြားမည်သူမျှ ပျက်စီးခြင်းသို့ မရောက်ရှိပါ။
13 ယခုမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ လာမည်ဖြစ်၍ အကျွန်ုပ်၏ဝမ်းမြောက်ခြင်းသည် သူတို့၌ ပြီးပြည့်စုံစေရန် ဤလောကတွင်ရှိနေစဉ် အကျွန်ုပ်သည် ဤအကြောင်းအရာများကို ပြောဆိုခဲ့ပါ၏။-
14 အကျွန်ုပ်သည် ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်ကို သူတို့အား ပေးခဲ့ပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့် မသက်ဆိုင်ကြသောကြောင့် ဤလောကသည် သူတို့ကို မုန်းတီးပါ၏။-
15 ကိုယ်တော်သည် သူတို့ကို ဤလောကအတွင်းမှ ထုတ်ဆောင်တော်မူရန် အကျွန်ုပ် မတောင်းလျှောက်ပါ။ သို့သော် သူတို့ကို နတ်ဆိုး၏လက်မှ ကင်းလွတ်စေတော်မူပါမည့်အကြောင်း အကျွန်ုပ်တောင်းလျှောက်ပါ၏။-
16 အကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့် မသက်ဆိုင်ကြပါ။-
17 သူတို့ကို သမ္မာတရားတော်၌ သန့်ရှင်းမွန်မြတ်စေတော်မူပါ။ ကိုယ်တော်၏ နှုတ်တော်ထွက်တရားတော်သည် သမ္မာတရား ဖြစ်တော်မူ၏။-
18 ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကထဲသို့ စေလွှတ်တော်မူသကဲ့သို့ အကျွန်ုပ်သည်လည်း သူတို့ကို ဤလောကထဲသို့ စေလွှတ်ခဲ့ပါ၏။-
19 အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်ပါ၏။ သို့မှသာ သူတို့သည်လည်း သမ္မာတရားတော်၌ ဆက်ကပ်ပူဇော် ကြပါလိမ့်မည်။
20 အကျွန်ုပ်သည် သူတို့အတွက်သာမက သူတို့၏ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်လာမည့် သူများအတွက်လည်း ဆုတောင်းပါ၏။-
21 အိုအဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌လည်းကောင်း၊ အကျွန်ုပ်သည်လည်း ကိုယ်တော်၌လည်းကောင်း တည်ရှိသကဲ့သို့ သူတို့သည် တစ်လုံးတစ်၀တည်းရှိကြပြီး အကျွန်ုပ်တို့၌လည်း တည်ရှိစေတော်မူပါ။ ဤသို့ဖြင့် ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကို ဤလောကသည် ယုံကြည်ပါလိမ့်မည်။-
22 ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်လုံးတစ်၀တည်း ရှိသကဲ့သို့ သူတို့သည်လည်း တစ်လုံးတစ်၀တည်း ရှိကြစေရန် အကျွန်ုပ်သည် ကိုယ်တော်ပေးတော်မူသော ဘုန်းဂုဏ်တော်ကို သူတို့အား ပေးပါပြီ။-
23 အကျွန်ုပ်သည် သူတို့၌လည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်၌လည်းကောင်း တည်ရှိသဖြင့် သူတို့သည် ပြည့်စုံစွာ တစ်လုံးတစ်၀တည်း ရှိကြပါလိမ့်မည်။ ဤသို့ဖြင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်သကဲ့သို့ သူတို့ ကိုလည်း ကိုယ်တော်ချစ်တော်မူကြောင်းတို့ကို ဤလော ကသည် သိရှိပါလိမ့်မည်။
24 အိုအဖ၊ ကမ္ဘာမတည်ရှိမီကပင် ကိုယ်တော်သည် ချစ်ခြင်းမေတ္တာတော်၌ အကျွန်ုပ်ကို ပေးတော်မူသော ဘုန်းဂုဏ်တော်ကို အကျွန်ုပ်ထံသို့ ကိုယ်တော်အပ်နှံထားသော သူတို့မြင်ကြစေရန် သူတို့ကိုလည်း အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိစေလိုပါသည်။-
25 ဖြောင့်မတ်တော်မူသော အိုအဖ၊ ဤလောကသည် ကိုယ်တော့်ကို မသိသော်လည်း အကျွန်ုပ်သည် ကိုယ်တော့်ကို သိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား စေလွှတ်တော်မူကြောင်းကိုလည်း ဤသူတို့သိကြပါ၏။-
26 အကျွန်ုပ်အပေါ်၌ ကိုယ်တော်ထားတော်မူသော ချစ်ခြင်းမေတ္တာတော်သည် သူတို့၌ တည်ရှိ၍ အကျွန်ုပ်သည်လည်း သူတို့၌ တည်ရှိစေခြင်းငှာ ကိုယ်တော်၏နာမတော်ကို သူတို့အား အကျွန်ုပ်သိစေပါပြီ။ နောင်အခါတွင်လည်း သိစေပါဦးမည်ဟု ဆုတောင်းတော်မူ၏။