João 10

BURCBCM

1 ယေဇူးက သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သိုးခြံထဲသို့တံခါး၀မှမဝင်ဘဲ အခြားနည်းဖြင့် ကျော်တက်သောသူသည် သူခိုးဓားပြဖြစ်၏။-

2 တံခါးပေါက်မှ ဝင်သောသူသည်ကား ထိုသိုးစု၏ သိုးထိန်းဖြစ်၏။-

3 တံခါးစောင့်သည် သိုးထိန်းအား တံခါးဖွင့်ပေး၏။ သိုးတို့သည် သူ၏အသံကို နားထောင်ကြ၏။ သူသည်လည်း မိမိ၏သိုးတို့ကို တစ်ကောင်စီ အမည်တပ်ခေါ်၍ ၎င်းတို့ကို အပြင်သို့ထုတ်ဆောင်တတ်၏။-

4 သူသည် မိမိ ၏သိုးတို့ကို ခေါ်ထုတ်ပြီးလျှင် ၎င်းတို့၏ရှေ့မှဦးဆောင်၍ သွားတတ်၏။ သိုးတို့သည်လည်း သူ့အသံကိုသိသဖြင့် သူ၏နောက်သို့လိုက်ကြ၏။-

5 သိုးတို့သည် သူစိမ်း၏နောက်သို့ မလိုက်ကြ။ ၎င်းတို့သည် သူစိမ်း၏အသံကို မသိကြသောကြောင့် သူ့ထံမှ ထွက်ပြေးကြလိမ့်မည်ဟု မိန့်တော်မူ၏။-

6 ယေဇူးသည် ဤပုံဥပမာကို သူတို့အား မိန့်တော်မူသော်လည်း ထိုသူတို့သည် မိမိတို့အား ကိုယ်တော် မိန့်တော်မူသော အကြောင်းအရာကို နားမလည်ကြချေ။

7 ထို့ကြောင့် ယေဇူးက သူတို့အား တစ်ဖန်မိန့်တော်မူသည်မှာ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါသည် သိုးတို့ဝင်သော တံခါး၀ဖြစ်၏။-

8 ငါ့ထက်အလျင် ဝင်ရောက်လာသောသူအပေါင်းတို့သည် သူခိုးဓားပြများ ဖြစ်ကြ၏။ သို့သော် သိုးတို့သည် သူတို့ကို နားမထောင်ကြ။-

9 ငါသည် တံခါး၀ဖြစ်၏။ ငါ့အားဖြင့် ဝင်သောသူ သည် ဘေးအန္တရာယ်ကင်းလွတ်၍ ဝင်ထွက်သွားလာ နိုင်သဖြင့် စားကျက်ကို တွေ့ရလိမ့်မည်။-

10 သူခိုးသည် ခိုးယူ၍ သတ်ဖြတ်ဖျက်ဆီးရန်သာ လာ၏။ ငါမူကား သူတို့အား အသက်ကို ရစေခြင်းငှာလည်းကောင်း၊ ထိုအသက်ကို ပို၍ကြွယ်၀စွာ ရရှိစေခြင်းငှာလည်းကောင်း လာ၏။

11 ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးများအတွက် မိမိအသက်ကို စွန့်တတ်၏။-

12 သိုးထိန်းမဟုတ်ဘဲ သိုးများကိုလည်း မပိုင်သော သူငှားသည် ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကို စွန့်ပစ်၍ ထွက်ပြေးတတ်၏။ ဝံပုလွေသည်လည်း သိုးတို့ကို ရုတ်တရက်ဖမ်းဆွဲ၍ တကွဲတပြားစီဖြစ်စေတတ်၏။-

13 ထိုသူသည် သူငှားဖြစ်သောကြောင့် သိုးတို့ကို ဂရုမစိုက်ဘဲ ထွက်ပြေးတတ်၏။-

14 ငါသည် ကောင်းသောသိုး ထိန်းဖြစ်၏။-

15 ငါ၏ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ၏သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ငါသည် သိုးများအတွက် ငါ၏အသက်ကိုစွန့်၏။-

16 ဤသိုးစုတွင် မပါဝင်သော အခြားသိုးများလည်း ငါ့၌ရှိ၏။ ထိုသိုးများကိုလည်း ငါခေါ်ဆောင်ရဦးမည်။ သူတို့သည် ငါ့အသံကိုနား ထောင်ကြလိမ့်မည်။ ဤသို့ဖြင့် သိုးစုတစ်စု၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။-

17 ဤအကြောင်းကြောင့် ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။ အကြောင်းမူကား ငါသည် အသက်ကို ပြန်လည်ရရှိစေရန် ငါ၏အသက်ကို စွန့်သောကြောင့်ဖြစ်၏။-

18 မည်သူမျှ ငါ၏အသက်ကို ငါ့ ထံမှ မလုယူနိုင်။ ငါသည် ငါ၏ဆန္ဒအလျောက် အသက် စွန့်ခြင်းဖြစ်၏။ ငါ၌ အသက်ကို စွန့်ပိုင်ခွင့်နှင့် ပြန်လည်ရ ယူပိုင်ခွင့်ရှိ၏။ ငါသည် ဤအခွင့်အာဏာကို ခမည်းတော်ထံမှ ခံယူရရှိလေပြီဟု မိန့်တော်မူ၏။

19 ဤစကားများကြောင့် ဂျူးလူမျိုးတို့အလယ်တွင် ထပ်မံ၍ စိတ်သဘောထားကွဲပြားကြလေ၏။-

20 သူတို့ထဲမှ များစွာသောသူတို့က ဤသူသည် နတ်ဆိုးစွဲ၍ ရူးသွပ်နေလေပြီ။ သင်တို့သည် အဘယ်ကြောင့် သူ့ကိုနား ထောင်ကြသနည်းဟု ဆိုကြ၏။-

21 အခြားသောသူတို့က ဤစကားများသည် နတ်ဆိုးစွဲသောသူ၏ စကားများ မဟုတ်။ နတ်ဆိုးသည် မျက်စိမမြင်သောသူကို ပြန်မြင် စေနိုင်သလောဟု ဆိုကြ၏။

22 ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ဗိမာန်တော်ကို ဆက်ကပ်သည့်ပွဲတော်ကျင်းပလျက်ရှိ၍ ဆောင်းကာလလည်းဖြစ်၏။-

23 ယေဇူးသည် ဗိမာန်တော်အတွင်း၌ရှိသော ဆောလမွန်မုခ်ဦးဆောင်တွင် စင်္ကြံလျှောက်လျက် နေတော်မူ၏။-

24 ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကို ဝန်းရံလျက် သင်သည် မည်မျှကြာအောင် အကျွန်ုပ်တို့၏ စိတ်ကို မရေမရာ ဖြစ်စေမည်နည်း။ သင်သည် ခရစ်တော်ဖြစ်ပါလျှင် အကျွန်ုပ်တို့အား အတိအလင်း ပြောပါလော့ဟုဆိုကြ၏။-

25 ယေဇူးက သူတို့အား ပြန်ဖြေတော်မူသည်ကား သင်တို့အား ငါပြောဆိုခဲ့လေပြီ။ သို့သော် သင်တို့သည် မယုံကြည်ကြ။ ငါ့ခမည်းတော်၏ နာမတော်၌ ငါလုပ်ဆောင်သော အမှုတို့သည် ငါ့ကို သက်သေခံလျက်ရှိ၏။-

26 သို့သော် သင်တို့သည် မယုံကြည်ကြ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ၏သိုးစုတွင် မပါဝင်ကြ သောကြောင့်ဖြစ်၏။-

27 ငါ၏သိုးတို့သည် ငါ့အသံကို နားထောင်ကြ၏။ ငါသည် သူတို့ကိုသိ၍ သူတို့သည်လည်း ငါ့နောက်သို့လိုက်ကြ၏။-

28 ငါသည် သူတို့အား ထာ၀ရ အသက်ကိုပေး၏။ သူတို့သည် မည်သည့်အခါမျှ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်မဟုတ်။ မည်သူမျှ သူတို့ကို ငါ့ထံမှမလုယူနိုင်။-

29 သူတို့ကို ငါ့အား ပေးတော်မူသော ခမည်းတော်သည် အားလုံးတို့ထက် ကြီးမြတ်တော်မူ သည်ဖြစ်၍ မည်သူကမျှ သူတို့ကို ခမည်းတော်၏လက်မှ မလုယူနိုင်။-

30 ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်၀ တည်းဖြစ်သည်ဟု မိန့်တော်မူ၏။

31 ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော့်ကိုပေါက်ရန် ခဲများကို တစ်ဖန်ကောက်ကြပြန်၏။-

32 ယေဇူးက ငါသည် ခမည်းတော်ထံမှ ကောင်းမြတ်သော အမှုများကို သင်တို့ မျက်မှောက်တွင်ပြခဲ့ပြီ။ ဤအမှုများအနက် မည်သည့် အမှုကြောင့် ငါ့ကို သင်တို့ ခဲနှင့်ပေါက်လိုကြသနည်းဟု သူတို့အား မိန့်တော်မူ၏။-

33 ဂျူးလူမျိုးတို့က ငါတို့သည် သင့်ကို ခဲနှင့်ပေါက်ခြင်းမှာ ကောင်းသောအမှုကြောင့် မဟုတ်ဘဲ ဘုရားသခင်ကို ထိခိုက်ပြောဆိုသော စကားကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် လူသားတစ်ဦးသာဖြစ်ပါလျက် သင့်ကိုယ်သင် ဘုရားဟု ဆိုလေပြီဟု ပြောဆိုကြ၏။-

34 ယေဇူးက သူတို့အား ပြန်ဖြေတော်မူသည်မှာ သင်တို့၏ ပညတ်တရားကျမ်းတွင် သင်တို့သည် ဘုရားများဖြစ်ကြ၏ဟု ငါဆိုသည်ဟူ၍ ရေးသားထားသည်မဟုတ်လော။-

35 ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရသောသူတို့အား ဘုရားများဟု ခေါ်ဆိုပြီး ကျမ်းစာတော်မြတ်ကိုလည်း ငြင်းပယ်ရန် မဖြစ်နိုင်လျှင်၊-

36 ခမည်းတော်က ခန့်အပ်၍ ဤလောကသို့ စေလွှတ်တော်မူသော ငါသည် ဘုရား၏သားတော်ဖြစ်သည်ဟု ဆိုသောအခါ ဘုရားကိုထိခိုက်သော စကားဟု သင်တို့အဘယ်ကြောင့် ဆိုကြသနည်း။-

37 ငါသည် ခမည်းတော်၏အမှုတော်ကို မဆောင်ရွက်လျှင် ငါ့အား မယုံကြည်ကြနှင့်။-

38 သို့သော် ထိုအမှုများကို ငါဆောင်ရွက်လျှင် သင်တို့ ငါ့ကို မယုံသော်လည်း ထိုအမှုတို့ကို ယုံကြည်ကြပါလော့။ ဤသို့ဖြင့် ခမည်းတော်သည် ငါ၌ရှိကြောင်းကိုလည်းကောင်း၊ ငါသည်လည်း ခမည်းတော်၌ ရှိကြောင်းကိုလည်းကောင်း သင်တို့သိနားလည်လာကြလိမ့်မည်။-

39 တစ်ဖန် သူတို့သည် ကိုယ်တော့်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့သော် ကိုယ်တော်သည် သူတို့၏လက်မှ လွတ်မြောက် သွားလေ၏။

40 ကိုယ်တော်သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ ယခင်က ယောဟန်ဆေးကြောခြင်းမင်္ဂလာ ပေးခဲ့သောအရပ်သို့ တစ်ဖန်ကြွသွားတော်မူပြီးလျှင် ထိုအရပ်၌ နေတော်မူ၍၊-

41 များစွာသောလူတို့သည်လည်း အထံတော်သို့လာကြ၏။ သူတို့က ယောဟန်သည် မည်သည့်အံ့ဖွယ် နိမိတ်လက္ခဏာကိုမျှ မပြခဲ့သော်လည်း ဤသူနှင့်ပတ်သက်၍ ယောဟန်ပြောသမျှအကြောင်းတို့သည် မှန်ပေ၏ဟု ဆိုကြ၏။-

42 ထိုအရပ်၌ များစွာသောလူတို့သည် ကိုယ်တော့်ကို ယုံကြည်ကြလေ၏။

Ler em outra tradução

Comparar lado a lado