1 ပညတ်တရားတွင် နောင်ဖြစ်လာမည့် ကောင်းသောအရာတို့၏ပုံရိပ်မျှသာပါရှိပြီး ၎င်းတို့၏ စစ်မှန်သောရုပ်လွှာများ မပါဝင်သော ကြောင့် နှစ်စဉ်ပူဇော်လေ့ရှိသည့် တူညီသောယဇ်ပူဇော်ခြင်းများအားဖြင့် အထံတော်သို့ ချဉ်းကပ်ကြသောသူတို့အား စုံလင်ခြင်းကို မည်သို့မျှမပေးစွမ်းနိုင်ခဲ့ချေ။-
2 သူတို့သည် စုံလင်ခြင်းသို့ရောက်ခဲ့ပါလျှင် ယဇ်ပူဇော်ခြင်းများကိုပြုလုပ်ကြတော့ မည်မဟုတ်ပေ။ ဝတ်ပြုသူတို့သည် တစ်ကြိမ်တည်းနှင့် အပြီးအပိုင်စင်ကြယ်ခြင်းသို့ရောက်ကြပါလျှင် သူတို့၌ အပြစ်ရှိသည်ဟု ထင်မှတ်ကြတော့မည်မဟုတ်။-
3 ဤပူ ဇော်ခြင်း၌ကား အပြစ်တရားအကြောင်းကို နှစ်စဉ်နှစ် တိုင်းသတိပေးထားလေ၏။-
4 အဘယ်ကြောင့်ဆိုသော် နွားနှင့် ဆိတ်တို့၏သွေးသည် အပြစ်ဒုစရိုက်များကို ဖယ် ရှင်းပေးရန် မဖြစ်နိုင်ချေ။
5 ထို့ကြောင့် ခရစ်တော်သည် လောကသို့ကြွလာ တော်မူသောအခါ မိန့်ဆိုသည်ကား ကိုယ်တော်သည် ယဇ်ကောင်နှင့် ယဇ်ပူဇော်သကာတို့ကို အလိုတော်မရှိ သောကြောင့် အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင် ထားတော်မူလေပြီ။-
6 မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ် တို့ကို ကိုယ်တော်နှစ်သက်တော်မမူ။-
7 သို့ဖြစ်၍ အကျွန်ုပ် ဆိုသည်ကား ကျမ်းစာတော်မြတ် တွင် အကျွန်ုပ်၏ အကြောင်းကို ရေးသားထားသည်နှင့်အညီ အိုဘုရား သခင်၊ ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ် ရောက်ရှိလာ ပါပြီဟူ၍ဖြစ်၏။-
8 ခရစ်တော်က ကိုယ်တော်သည် မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိ သောယဇ်များနှင့် ပူဇော်သကာများတို့ကို အလိုတော် လည်းမရှိ၊ နှစ်သက်တော်မူခြင်းလည်းမရှိဟုဆိုရာတွင် ပညတ်တရားအတိုင်းပူဇော်ရသောအရာများကို ရည်ညွန်းလျက် မိန့်ဆိုခြင်းဖြစ်၏။-
9 ထို့နောက် ခရစ်တော်က အကျွန်ုပ်သည် ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက် ရန် ရောက်ရှိလာပါပြီဟု ဆိုထားလေ၏။ ဤသို့ဖြင့် ဘုရား သခင်သည် ခရစ်တော်၏ပူဇော်ခြင်းကိုတည်စေခြင်းငှာ ယခင်က ယဇ်ပူဇော်ခြင်းကို ဖျက်သိမ်းတော်မူ၏။-
10 ထိုအခါ ဘုရားသခင်၏အလိုတော်နှင့်အညီ ယေဇူးခရစ်တော်၏ခန္ဓာကိုယ်ကို တစ်ကြိမ်တည်းနှင့် အပြီးအပိုင်ပူဇော်ခြင်း အားဖြင့် ငါတို့သည် သန့်ရှင်းစင်ကြယ်လာကြ လေ၏။
11 ရဟန်းတိုင်းသည် နေ့စဉ်နေ့တိုင်း ရပ်၍ မိမိ၏ဝတ်ပြု ခြင်းဝတ္တရားများကို ဆောင်ရွက်လျက် မည်သည့်အခါမျှ အပြစ်ဖြေလွှတ်နိုင်စွမ်းမရှိသောယဇ်ကို ထပ်ခါတလဲလဲပူဇော်ကြ၏။-
12 သို့ရာတွင် ခရစ်တော်သည် ကာလ အဆက်ဆက်အတွက် အပြစ်ဖြေလွှတ်ပေးရန် တစ်ခု တည်းသောယဇ်ကို ပူဇော်ပြီးသော အခါ ဘုရားသခင် ၏လက်ယာတော်ဘက်၌ ထိုင်ပြီးလျှင်၊-
13 ဘုရားသခင် သည် မိမိရန်သူတို့ကို မိမိ၏ခြေဖဝါးအောက်သို့ချထား တော်မူသည့်တိုင်အောင် စောင့်ဆိုင်းနေတော်မူ၏။-
14 အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို တစ်ကြိမ်တည်းသာ ပူဇော်ခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်လာကြသော သူတို့အား ထာ၀ရစုံလင်ခြင်းကျေးဇူးတော်ကို ရရှိစေတော်မူ၏။-
15 ဝိညာဉ်တော်မြတ်သည်လည်း ငါတို့အား သက်သေခံတော်မူသည်မှာ၊-
16 နောင်လာမည့်နေ့ရက်တို့၌ သူတို့နှင့်ငါပြုလုပ်မည့် ပဋိညာဉ်တရားတော်ဟူမူကား ငါသည် သူတို့၏နှလုံးသားထဲသို့ ငါ၏ ပညတ်တော်တို့ကို ထည့်သွင်းပေး၍ သူတို့၏အတွင်းစိတ်၌ ၎င်းတို့ကို ရေးသားထားမည်ဟု ထာ၀ရဘုရားသခင်မိန့်တော်မူ၏။-
17 ထို့နောက် ကိုယ်တော်က ငါသည် သူတို့၏အပြစ်များနှင့် မကောင်းမှုဒုစရိုက်များကို သိမှတ်ထားတော့မည်မဟုတ် ဟုမိန့်တော်မူလေ၏။-
18 အပြစ်များဖြေလွှတ်ခြင်းခံရလျှင် အပြစ်များအတွက် အပြစ်ဖြေရာယဇ်ပူဇော်ခြင်းများကို မလိုအပ်တော့ပေ။
19 ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ယေဇူး၏အသွေးတော်အားဖြင့် သန့်ရှင်းရာဌာနသို့ ဝင်ရောက် နိုင်ကြောင်းကို အခိုင်အမာယုံကြည်ကြ၏။-
20 ထိုအသွေး တော်သည်ကား ကိုယ်တော်သည် မိမိ၏ခန္ဓာကိုယ် တည်းဟူသော ကန့်လန့်ကာမှတစ်ဆင့် ငါတို့အတွက် ဖွင့်လှစ် ထားသော အသက်ရှင်ခြင်းနည်းလမ်းသစ်ပေတည်း။-
21 ထို့ပြင် ငါတို့တွင် ဘုရားသခင်၏အိမ်တော်ကို အုပ်ချုပ်တော်မူသောရဟန်းချုပ်တစ်ပါးလည်းရှိသည် ဖြစ်၍၊-
22 ငါတို့၏စိတ်နှလုံးကို မကောင်းသောစိတ်သန္တာန် မှကင်းစင်စေပြီး ငါတို့၏ခန္ဓာကိုယ်များကိုလည်း သန့်ရှင်းသောရေနှင့် ဆေးကြောလျက် ယုံကြည်ခြင်းဖြင့် ပြည့်နေသည့်စိတ်ရင်းဖြင့် အထံတော်သို့ ချဉ်းကပ်ကြကုန်စို့။-
23 ငါတို့သည် မိမိတို့ဝန်ခံသော မျှော်လင့်ခြင်းမှ သွေဖည် ခြင်းမရှိဘဲလျက် ၎င်းကို အခိုင်အမာစွဲကိုင်ထားကြကုန်စို့။ အကြောင်း မူကား ကတိထားတော်မူသောအရှင် သည် သစ္စာရှိတော်မူသောကြောင့်တည်း။-
24 ထိုမှတစ်ပါး ငါတို့သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက်ချစ် ခင်ရန်နှင့် ကောင်းကျိုးပြုကြရန် မည်သို့တိုက်တွန်းနှိုး ဆော်ရမည်ကို ထောက်ရှုဆင်ခြင်ကြစို့။-
25 သင်တို့အထဲမှ အချို့သောသူတို့ပြုလုပ်လေ့ရှိသကဲ့သို့ စုဝေးဝတ်ပြုခြင်း အမှုများကို မစွန့်လွှတ်ကြနှင့်။ ထိုနေ့ရက်ရောက် လုနီးပြီ ဖြစ်၍ သင်တို့အချင်းချင်း တစ်ယောက်ကို တစ်ယောက် အားပေးကြလော့။
26 အကယ်၍ ငါတို့သည် သမ္မာတရားကိုခံယူရရှိပြီးမှ မိမိအလိုဆန္ဒအလျောက် အပြစ်ကျူးလွန်ပါလျှင် ပူဇော် ရန်အပြစ်ဖြေရာ ယဇ်ရှိတော့မည်မဟုတ်ဘဲ၊-
27 အပြစ်ဒဏ် စီရင်ခြင်းခံရမည့်အကြောင်းကိုလည်းကောင်း၊ ဘုရား သခင်ကိုဆန့်ကျင်သောသူတို့ အား လောင်ကျွမ်းစေမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့စိုးရိမ်စိတ် ဖြင့် စောင့်မျှော်နေကြရန်သာ ရှိတော့သည်။-
28 မိုးဇက်၏ ပညတ်တရားကို ချိုးဖောက်သူမှန်သမျှသည် အသိသက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ထွက်ဆိုချက်အရ အပြစ်ရှိကြောင်းတွေ့ရှိရလျှင် သနားညှာတာမှုမရရှိဘဲ သေရ၏။-
29 ထိုသို့ဆိုလျှင် ဘုရားသခင်၏သားတော်ကို ရှုတ်ချပြီး မိမိအား သန့်စင်စေသောပဋိညာဉ်တရား၏ သွေးကိုညစ်ညူးစေလျက် ကျေးဇူးတော်ကိုပေးတော် မူသည့် ဝိညာဉ်တော်အား ထိခိုက်စော်ကားသောသူ သည် မည်မျှလောက်ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်ပါသနည်း။-
30 အကြောင်းမူကား လက်စားချေခြင်း သည် ငါပြုလုပ်ရမည့်အမှုဖြစ်၍ ငါသည် လက်စားချေမည် ဟူ၍လည်းကောင်း၊ တစ်ဖန် ထာ၀ရဘုရားသခင်သည် မိမိ၏လူမျိုးစုအား တရားစီရင်တော်မူမည်ဟူ၍လည်းကောင်း မိန့်တော်မူသောသူသည် မည်သူ ဖြစ်သည်ကို ငါတို့သိကြ၏။-
31 အသက်ရှင်တော်မူသောဘုရားသခင် ၏လက်တော်သို့ကျရောက်ရခြင်းသည် ကြောက်မက် ဖွယ်ကောင်းလှပေသည်။
32 သို့သော်လည်း လွန်ခဲ့သည့်အချိန်ကာလများကို သတိရကြလော့။ သင်တို့သည် အလင်းကျေးဇူးတော် ကိုခံကြရပြီးသည့်နောက် ကြမ်းတမ်းသောဒုက္ခဝေဒနာ အမျိုးမျိုးကို ခံထမ်းခဲ့ကြရ၏။-
33 တစ်ခါတစ်ရံ သင်တို့သည် စော်ကားခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို လူအများရှေ့ တွင် ခံကြရ၍ တစ်ခါတစ်ရံတွင်မူ ဖိစီးနှိပ်စက်ခံရသောသူ တို့၏ဒုက္ခဆင်းရဲတွင် သင်တို့မျှဝေခံစားခဲ့ကြ၏။-
34 သင်တို့ သည် အကျဉ်းကျနေသောသူတို့အပေါ် ကြင်နာသနား စိတ်ရှိကြသည်သာမက သင်တို့ပိုင်ဆိုင်သောပစ္စည်းများ အား အတင်းအဓမ္မသိမ်းယူခြင်းကိုလည်း ဝမ်းမြောက်သောစိတ်နှင့်လက်ခံကြ၏။ အကြောင်းမူကား သင်တို့၌ ထိုအရာများထက်ပို၍ ကောင်းမွန်ပြီး တည်မြဲသည့်အရာ ရှိကြောင်းကို သင်တို့သိကြသောကြောင့်ပင်ဖြစ်၏။-
35 ထို့ကြောင့် ကြီးမြတ်သောဆုလာဘ်ကိုရရှိစေနိုင်မည့် သင်တို့၏ယုံကြည်ခြင်းကို မစွန့်လွှတ်ကြနှင့်။-
36 သင်တို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်နာဆောင်ရွက်နိုင် ရန်နှင့် ကတိထားတော်မူသောအရာများကို ခံစားနိုင်ရန် ဇွဲလုံ့လရှိကြရမည်။-
37 အကြောင်းမူကား ကြွလာတော်မူ မည့်အရှင်သည် မကြာမီတွင်ပင် ရောက်ရှိလာတော်မူ လိမ့်မည်။ ကိုယ်တော်သည် နှောင့်နှေး ကြန့်ကြာတော်မူ လိမ့်မည်မဟုတ်။-
38 ငါ၏ဖြောင့်မတ်သောသူမူကား ယုံကြည်ခြင်းဖြင့် အသက်ရှင်လိမ့်မည်။ ထိုသူသည် တွန့်ဆုတ်ခြင်းရှိလျှင် ငါသည် သူ့ကို နှစ်သက်လိမ့်မည်မဟုတ်ဟု ဘုရားသခင်မိန့်တော်မူ၏။-
39 ငါတို့မူကား ယုံကြည်ခြင်း၌ လက်လျှော့သဖြင့် ပျက်စီးဆုံးရှုံးသွားသောသူများ ထဲမှမဟုတ်ဘဲ မိမိတို့၏ဝိညာဉ်များကို ကယ်တင်ခြင်းသို့ ရောက်သည့်တိုင်အောင် ယုံကြည်ခြင်း၌ ခိုင်မြဲကြမည့် သူများဖြစ်ကြ၏။