Atos 8

BURCBCM

1 ဆောလုသည်လည်း စတေဖနုအသတ်ခံရခြင်း၌ အလိုတူအလိုပါဖြစ်၏။ ထိုနေ့ရက်၌ ဂျေရုဆလင်မြို့ရှိ အသင်းတော်၌ ကြီးစွာသော ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်ပေါ်သဖြင့် တမန်တော်ကြီးတို့မှအပ ယုံကြည်သူအားလုံးသည် ဂျူဒေးယနှင့် ဆမာရိယနယ်တစ်လျှောက် ကွဲလွင့်သွားကြ၏။-

2 ဘုရားတရားကြည်ညိုသူ အချို့တို့သည် စတေဖနုကို သင်္ဂြိုဟ်ကြ၍ သူ့အတွက် အလွန်ဝမ်းနည်းပူဆွေးကြလေ၏။-

3 ဆောလုသည်ကား အသင်းတော်ကိုဖျက်ဆီး၍ ယုံကြည်သူယောက်ျား၊ မိန်းမတို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက် ဆွဲခေါ်ထုတ်ပြီးလျှင် အကျဉ်းထောင်တွင် ချုပ်နှောင်ထားလေ၏။

4 တကွဲတပြားစီ ပျံ့လွင့်သွားကြသော သူတို့သည်လည်း နှုတ်တော်ထွက်စကားကို လှည့်လည်ဟောပြောကြ၏။-

5 ဖိလိပုသည် ဆမာရိယမြို့တစ်မြို့သို့သွား၍ ထိုသူတို့အား ခရစ်တော်အကြောင်းကို ဟောပြောလေ၏။-

6 များစွာသော လူတို့သည်လည်း ဖိလိပု၏စကားကို ကြားနာကြ၍ သူပြုလုပ်သော တန်ခိုးလက္ခဏာများကို မြင်ကြသောအခါ သူဟောပြောသမျှကို တညီတညွတ်တည်း နာယူလက်ခံကြ၏။-

7 အကြောင်းမူကား ညစ်ညူးသော နတ်ဆိုးတို့သည် ကျယ်လောင်စွာ အော်ဟစ်ကြလျက် မိမိတို့ပူးဝင်နေသော လူများစွာထံမှ ထွက်သွားကြကာ လေဖြတ်သူများနှင့် ခြေလက်မသန်စွမ်းသော သူတို့သည်လည်း ပျောက်ကင်းကြသောကြောင့်ဖြစ်၏။-

8 သို့ ဖြစ်၍ ထိုမြို့၌ အလွန်ဝမ်းမြောက်ပျော်ရွှင်ခြင်း ရှိလေ၏။

9 ထိုအရပ်၌ ယခင်က မှော်အတတ်ဖြင့် မြို့ထဲ၌ မျက်လှည့်ပြကာ ဆမာရိယလူမျိုးအားလုံးကို အံ့အားသင့်စေခဲ့သည့် စီမွန်အမည်ရှိသော လူတစ်ယောက်ရှိလေ၏။ သူသည် မိမိကိုယ်ကို တစ်စုံတစ်ရာ ထူးခြားသောသူ ဖြစ်သည်ဟုဆို၏။-

10 လူအပေါင်းတို့ကလည်း ဤသူသည်ကား ဘုရားသခင်၏ ကြီးမြတ်လှသော တန်ခိုးတော်ပင် ဖြစ်သည်ဟုဆိုကာ အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် သူ့ကိုနာခံကြ၏။-

11 သူသည် ကာလကြာမြင့်စွာကပင် ထိုသူတို့အား မိမိ၏မှော်အတတ်ပညာဖြင့် အံ့အားသင့်စေခဲ့သောကြောင့် လူတို့သည် သူ့ကိုနာခံခဲ့ကြခြင်းဖြစ်၏။-

12 သို့ရာတွင် ဖိလိပုသည် ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းနှင့် ယေဇူးခရစ်တော်၏ နာမတော် အကြောင်းတို့ကို ဟောပြောသောကြောင့် သူတို့သည် ယုံကြည်ကြ၍ ယောက်ျား၊ မိန်းမများ အားလုံးသည် ဆေးကြောခြင်းကို ခံယူကြ၏။-

13 စီမွန်ကိုယ်တိုင်သည်ပင် ယုံကြည်၍ ဆေးကြောခြင်းခံယူပြီးမှ ဖိလိပုထံ၌ ဆက်လက်ဆည်းကပ်လေ၏။ သူသည် နိမိတ်လက္ခဏာများနှင့် ကြီးကျယ်သော တန်ခိုးများကို မြင်သောအခါ အလွန်အံ့ဩလျက်ရှိ၏။

14 ဤတွင် ဆမာရိယနယ်သားတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို နာယူလက်ခံကြကြောင်းကို ဂျေရုဆလင်မြို့ရှိ တမန်တော်များ ကြားသိကြသောအခါ ပေတရုနှင့် ယောဟန်တို့ကို ထိုသူတို့ထံသို့ စေလွှတ်လိုက်ကြ၏။-

15 တမန်တော်နှစ်ပါးသည်လည်း လာကြ၍ ထိုသူတို့သည် ဝိညာဉ်တော်မြတ်ကို ခံယူရရှိကြစေရန် သူတို့အတွက် ဆုတောင်းပေးကြ၏။-

16 အကြောင်းမူကား ဝိညာဉ်တော်မြတ်သည် ထိုသူတို့ထဲတွင် မည်သူ့အပေါ်မျှ ဆင်းသက်တော်မမူသေးချေ။ ထိုသူတို့သည် ယေဇူးသခင်၏နာမတော်၌ ဆေးကြောခြင်းကိုသာ ခံယူထားကြသောကြောင့်ဖြစ်၏။-

17 တမန်တော်တို့သည်လည်း မိမိတို့၏လက်များကို ထိုသူတို့အပေါ်တွင် တင်ကြသဖြင့် သူတို့သည် ဝိညာဉ်တော်မြတ်ကို ခံယူရရှိကြ၏။-

18 တမန်တော်တို့၏ လက်တင်ခြင်းဖြင့် ဝိညာဉ်တော်မြတ်အား ခံယူရရှိကြောင်းကို စီမွန်တွေ့မြင်သောအခါ သူသည် တမန်တော်တို့အား ငွေကိုဆက်ကပ်လျက်၊-

19 အကျွန်ုပ်၏ လက်တင်ခြင်းကို ခံရသောသူ မည်သူမဆို ဝိညာဉ်တော်မြတ်ကို ခံယူရရှိစေခြင်းငှာ အကျွန်ုပ်အားလည်း ဤတန်ခိုးအာဏာကို ပေးပါဟု ဆိုလေ၏။-

20 သို့သော် ပေတရုက သင်၏ငွေသည် သင်နှင့်အတူ ပျက်စီးပါစေ။ အကြောင်းမူကား သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ငွေဖြင့်ရယူနိုင်သည်ဟု ထင်မှတ်သောကြောင့်ဖြစ်၏။-

21 သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာတွင် ပါဝင်ခွင့်၊ ရပိုင်ခွင့်မရှိ။-

22 ထို့ကြောင့် သင်၏မိုက်မှားမှုအတွက် နောင်တရလော့။ သင်၏စိတ်နှလုံးထဲမှ အကြံ အစည်အတွက် ခွင့်လွှတ်ခြင်းခံရစေရန် ဘုရားသခင်ထံ ဆုတောင်းလော့။-

23 အကြောင်းမူကား သင်သည် ခါးသီးသော မုန်းတီးခြင်း၌လည်းကောင်း၊ ဒုစရိုက်၏ အနှောင်အဖွဲ့၌လည်းကောင်း ရှိနေသည်ကို ငါမြင်ရသည်ဟု စီမွန်အား ဆိုလေ၏။-

24 ထိုအခါ စီမွန်က သင်မိန့်ဆိုသည့်အရာ တစ်ခုမျှ အကျွန်ုပ်အပေါ်သို့ မကျရောက်စေရန် အကျွန်ုပ်အတွက် သခင်ဘုရားထံတော်သို့ ဆုတောင်းပေးကြပါဟု ဆိုလေ၏။

25 ဤသို့ဖြင့် တမန်တော်တို့သည် သခင်ဘုရား၏ နှုတ်တော်ထွက်စကားကို ဟောပြောသက်သေခံကြပြီးနောက် ဆမာရိယလူမျိုးတို့၏ ကျေးရွာအမြောက်အမြားတွင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောကြလျက် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။

26 ထို့နောက် သခင်ဘုရား၏ ကောင်းကင်တမန်က ဖိလိပုအား သင်ထ၍ ဂျေရုဆလင်မြို့မှ ဂါဇာသို့ဆင်းသွားသော လမ်း၏တောင်ဘက်အရပ်သို့ သွားလော့။ ဤလမ်းသည် လူသူဆိတ်ကွယ်သော တောလမ်းဖြစ်သည်ဟုဆို၏။-

27 သူသည်လည်း ထ၍သွားလေ၏။ ထိုအချိန်တွင် အီသီယိုးပိယဘုရင်မ ကန်ဒါစေ၏မှူးမတ်ဖြစ်ပြီး သူမ၏ ဥစ္စာရတနာ အားလုံးကို ထိန်းသိမ်းစောင့်ရှောက်ရသော အီသီယိုးပိယလူမျိုး မိန်းမစိုးတစ်ဦးသည် ဂျေရုဆလင်မြို့သို့ ဝတ်ပြုရန် လာရောက်ခဲ့ပြီးနောက်၊-

28 အပြန်ခရီး၌ မိမိ၏ မြင်းရထားပေါ်တွင် ထိုင်၍ ပရောဖက်အီဇာယ၏ကျမ်းကို ဖတ်ရှုလျက်နေ၏။-

29 ထိုအခါ ဝိညာဉ်တော်က ဖိလိပုအား သွား၍ မြင်းရထားအနီးသို့ ချဉ်းကပ်လော့ဟု မိန့်တော်မူ၏။-

30 သို့ဖြစ်၍ ဖိလိပုသည် ထိုသူရှိရာသို့ ပြေးသွားပြီး သူသည် ပရောဖက်အီဇာယ၏ ကျမ်းအား ဖတ်ရှုနေသည်ကိုကြားလျှင် သင်ဖတ်ရှုနေသောအရာကို နားလည်ပါ၏လောဟု ထိုသူအား မေးလေ၏။-

31 ထိုသူကလည်း ရှင်းလင်းညွန်ပြမည့်သူ မရှိပါလျှင် အကျွန်ုပ်မည် သို့ နားလည်နိုင်ပါမည်နည်းဟု ဆိုလေ၏။ ထို့နောက် သူက ဖိလိပုအား ရထားပေါ်သို့တက်၍ မိမိနှင့်အတူထိုင်ပါ ရန် ဖိတ်ခေါ်လေ၏။

32 ထိုသူဖတ်ရှုနေသော ကျမ်းချက်သည်ကား သားသတ်သမားထံသို့ ခေါ်ဆောင်သွားခြင်း ခံရသော သိုး၊ သို့မဟုတ် သိုးမွေးညှပ်သူ၏ ရှေ့ ၌ရှိသော သိုးသူငယ်သည် အသံမထွက်ဘဲ နှုတ်ပိတ်နေသကဲ့သို့ သူသည် မိမိ၏နှုတ်ကို မဖွင့်ဘဲနေ၏။-

33 သူ့ကိုအရှက်ရစေကြ၍ သူ့အပေါ်၌ တရားမျှတစွာ မပြုမူကြချေ။ မည်သူသည် သူ၏လူမျိုးဆက်ကို ထုတ်ဖော် ပြောဆိုမည်နည်း။ အကြောင်းမူကား သူ၏အသက်ကို ကမ္ဘာမြေကြီးပေါ်မှ နုတ်ယူသွားကြလေပြီဟူ၍ဖြစ်သတည်း။

34 မိန်းမစိုးကလည်း ပရောဖက်သည် မိမိကိုယ်ကို ရည်ညွန်းပြောဆိုသလော၊ သို့မဟုတ် အခြားသူတစ်ဦးကိုလော၊ အကျွန်ုပ်အား ပြောပြပါလော့ဟု ဖိလိပုအား မေးလေ၏။-

35 ထိုအခါ ဖိလိပုသည် မိမိ၏နှုတ်ကိုဖွင့်၍ ဤကျမ်းချက်မှ အစပြုကာ ယေဇူး၏ သတင်းကောင်းကို ထိုသူအား ပြောပြလေ၏။-

36 သူတို့သည် လမ်းအတိုင်းခရီး ဆက်သွားကြစဉ် ရေအနည်းငယ်ရှိရာ အရပ်သို့ ရောက်ကြ၍ မိန်းမစိုးက ကြည့်ပါ၊ ဤနေရာတွင် ရေရှိပါသည်၊ အကျွန်ုပ်သည် ဆေးကြောခြင်းခံယူခြင်းငှာ မည်သည့်အတားအဆီး ရှိပါသနည်းဟု ဆိုလေ၏။-

37 ထိုအခါ ဖိလိပုက သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပါလျှင် ဆေးကြောခြင်း ခံယူနိုင်ပါသည်ဟုဆိုသော် သူက ယေဇူးခရစ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ပြန်ပြောလေ၏။-

38 ထို့နောက် မိန်းမစိုးသည် မြင်းရထားကို ရပ်တန့်ရန် အမိန့်ပေးပြီးလျှင် ဖိလိပုနှင့်အတူ နှစ်ဦးစလုံးရေထဲသို့ ဆင်းသွားကြလျက် ဖိလိပုသည် သူ့အား ဆေးကြောခြင်းပေးလေ၏။-

39 သူတို့သည် ရေထဲမှ တက်လာကြသောအခါ ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်သည် ဖိလိပုကို ဆောင်ယူသွား တော်မူသဖြင့် မိန်းမစိုးသည် ဖိလိပုကို မတွေ့မြင်ရတော့ချေ။ ဤသို့ဖြင့် သူသည် ဝမ်းမြောက်ရွှင်လန်းလျက် မိမိ၏ခရီးကို ဆက်သွားလေ၏။-

40 ဖိလိပုမူကား အာဇိုတုမြို့သို့ ရောက်ရှိသွားပြီး ဆက်လက်ခရီးပြုလျက် ဆီဇားရိယမြို့သို့ ရောက်သည့်တိုင်အောင် မြို့ ရွာ များ အားလုံးတွင် ဧဝံဂေလိသတင်းကောင်းကို ဟောပြောလေ၏။

Ler em outra tradução

Comparar lado a lado