Apocalipse 5

BURCBCM

1 ပလ္လင်တော်ပေါ်တွင် ထိုင်နေသောသူ၏လက်ယာလက်၌ စာလိပ်တစ်လိပ်ရှိသည်ကို ငါမြင်ရ၏။ ထိုစာလိပ်၏ စာမျက်နှာအတွင်းအပြင် နှစ်ဖက်စလုံးတွင် စာရေးထားပြီး ၎င်းကို တံဆိပ်ခုနစ်ခုဖြင့် ခတ်နှိပ်ထား၏။-

2 ခွန်အားကြီးသည့် ကောင်းကင်တမန်တော်တစ်ပါးက မည်သူသည် ချိပ်တံဆိပ်များကိုခွာပြီး စာလိပ်ကိုဖွင့် ထိုက်သနည်းဟူ၍ ကျယ်သောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်ရ၏။-

3 သို့ရာတွင် ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ဤစာလိပ်ကို ဖွင့်နိုင်သူ၊ သို့မဟုတ် ဖတ်ရှုနိုင်မည့် သူတစ်ဦးတစ်ယောက်မျှမရှိ။-

4 ဤစာလိပ်ကိုဖွင့်နိုင်သူ၊ သို့မဟုတ် ဖတ်ရှုနိုင်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရသောကြောင့် ငါသည် ပြင်းထန်စွာ ငိုကြွေးခဲ့ရ၏။-

5 ထိုအခါ သက်ကြီးဝါကြီးတို့အထဲမှတစ်ဦးက မငိုကြွေးနှင့်၊ ဂျုဒအမျိုးအနွယ်ဝင်တို့၏ ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏ မျိုးဆက်မှ ဆင်းသက်လာသောသူသည် အောင်ပွဲခံလေပြီ။ သူသည် ဤစာလိပ်နှင့် ၎င်း၏ ချိပ်တံဆိပ်ခုနစ်ခုကို ဖွင့်နိုင်လေပြီဟု ငါ့အားပြောလေ၏။

6 ထို့နောက် ပလ္လင်တော်နှင့် သတ္တဝါလေးဦးတို့၏အကြား၊ သက်ကြီးဝါကြီးတို့အလယ်တွင် ရပ်နေသော သိုးငယ်တော်ကို ငါမြင်ရ၏။ သိုးငယ်တော်သည် ပူဇော်ရန် အသတ်ခံထားရသကဲ့သို့ရှိ၏။ သူ၌ ဦးချိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံးရှိပြီး ယင်းတို့သည်ကား မြေတစ်ပြင်လုံးပေါ်သို့ ဘုရားသခင်စေလွှတ်တော်မူခဲ့သောဝိညာဉ် ခုနစ်ပါးပေတည်း။-

7 သူသည် သွား၍ ပလ္လင်ပေါ်၌ ထိုင်နေသောသူ၏လက်ယာလက်မှ စာလိပ်ကိုယူလိုက်၏။-

8 သူသည် စာလိပ်ကိုယူပြီးသောအခါ အသက်ရှင်သော သတ္တဝါလေးဦးနှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးဦးတို့သည် စောင်းကိုယ်စီပိုက်လျက် သူတော်သူမြတ်တို့၏ ဆုတောင်းပတ္ထနာများတည်းဟူသော အမွှေးနံ့သာနှင့် ပြည့်လျက်ရှိသည့် ရွှေဖလားများကိုကိုင်ဆောင်ကာ သိုးငယ်တော်၏ရှေ့တွင်ပျပ်ဝပ်လျက်၊-

9 သီချင်းအသစ်ကို သီဆိုကြသည်ကား ကိုယ်တော်သည် စာလိပ်ကိုယူ၍ ချိပ်တံဆိပ်များကို ဖွင့်လှစ်ရန် ထိုက်တန်သောသူ ဖြစ်တော်မူပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏အသွေးတော်အားဖြင့် အမျိုးအနွယ်အသီးသီး၊ ဘာသာစကားအသီးသီး၊ တိုင်းနိုင်ငံအသီးသီးတို့မှလူများကို ဘုရားသခင်အတွက် ရွေးနုတ်တော်မူခဲ့၏။-

10 ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်တို့၏ ဘုရားသခင်အတွက် နိုင်ငံတော်နှင့် ရဟန်းများ ဖြစ်စေတော်မူခဲ့၏။ သူတို့သည်လည်း ကမ္ဘာပေါ်တွင် အုပ်စိုးကြလိမ့်မည် ဟူ၍ဖြစ်သတည်း။

11 ထို့နောက် ငါကြည့်လိုက်သောအခါ ပလ္လင်တော်၊ သတ္တဝါလေးဦးနှင့် သက်ကြီးဝါကြီးတို့ကို ဝန်းရံလျက်ရပ်နေကြသော ကုဋေသင်္ချေမက အတိုင်းမသိများပြားလှသော ကောင်းကင်တမန်တော်တို့၏အသံကို ငါကြားရ၏။-

12 သူတို့သည် ကျယ်သောအသံဖြင့် ကြွေးကြော်ကြသည်ကား အသေသတ်ခြင်းခံရသော သိုးငယ်တော်သည် တန်ခိုးအာနုဘော်၊ စည်းစိမ်ချမ်းသာ၊ ဉာဏ်ပညာ၊ ခွန်အား၊ ချီးမွမ်းဩဘာ၊ ဘုန်းဂုဏ်တော်နှင့် ကောင်းချီးမင်္ဂလာတို့ကို ခံထိုက်တော်မူပါ၏ဟူ၍ဖြစ်၏။-

13 ထို့နောက် ကောင်းကင်နှင့် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်နှင့် ပင်လယ်အတွင်း၌လည်းကောင်း ရှိကြသော ဖန်ဆင်းခံသတ္တဝါအပေါင်းတို့က ပလ္လင်ပေါ်တွင် စံပယ်တော်မူသောအရှင်နှင့် သိုးငယ်တော်တို့၌ ကောင်းချီးမင်္ဂလာ၊ ချီးမွမ်းဩဘာ၊ ဘုန်းဂုဏ်တော်နှင့် ခွန်အားတန်ခိုးတို့သည် ကာလအဆက်ဆက် တည်ပါစေသော်ဟူ၍ ကြွေးကြော်ကြသည်ကို ငါကြားရ၏။-

14 ထိုအခါ သက်ရှိသတ္တဝါလေးဦးတို့က အာမင်ဟုဆိုကြ၍ သက်ကြီးဝါကြီးတို့သည်လည်း ပျပ်ဝပ်ကြလျက် ရှိခိုးကြကုန်၏။

Ler em outra tradução

Comparar lado a lado