2 Pedro 1

BURCBCM

1 ယေဇူးခရစ်တော်၏အစေခံနှင့် တမန်တော်ဖြစ်သော စီမွန်ပေတရုထံမှ ငါတို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော် မူသော ယေဇူးခရစ်တော်၏ဖြောင့် မတ်ခြင်းတရားအားဖြင့် ငါတို့ရရှိသည့်ယုံကြည်ခြင်းကိုပင် ခံယူရရှိထားသောသူတို့ထံသို့ စာရေး လိုက်ပါ၏။

2 ဘုရားသခင်နှင့် ငါတို့၏သခင် ယေဇူးကိုသိရှိခြင်း ဖြင့် ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းမင်္ဂလာသည် သင်တို့ထံ၌ တိုးပွားပါစေသော်။

3 မိမိ၏ဘုန်းဂုဏ်တော်နှင့် ကောင်းမြတ်တော်မူခြင်း တို့ကို ဝေမျှခံစားရန် ငါတို့ကိုခေါ်တော်မူသောကိုယ်တော့် ကို သိရှိလာ ခြင်းကြောင့် ဘုရားသခင်သည် ဘုန်းတန်ခိုး တော်အားဖြင့် အသက်ရှင်ခြင်းနှင့် ဘုရားတရားကြည် ညိုခြင်းတို့နှင့် ဆိုင်သော အရာအားလုံးတို့ကို ငါတို့အား ပေးသနားတော်မူ၏။-

4 ထိုဘုန်းဂုဏ်တော်နှင့် ကောင်း မြတ်ခြင်းအားဖြင့် ကိုယ်တော်သည် အဖိုးထိုက်ပြီး ကြီး မြတ်လှသည့် မိမိ၏ကတိတော်များကို ငါတို့အား ပေးသနားတော်မူလေပြီ။ ဤကတိတော်များအားဖြင့် သင်တို့သည် လောကီတပ်မက်မှုကြောင့် ဤကမ္ဘာလောက တွင်ရှိနေသောအကျင့်ပျက်စီးခြင်းမှ လွတ်မြောက်ကြလျက် ဘုရားအဖြစ်တော်၌ ပါဝင်ခံစားရသူများဖြစ်လာ ကြလိမ့်မည်။-

5 ဤအကြောင်းကြောင့် သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို အကျင့်သီလဖြင့်လည်းကောင်း၊ အကျင့်သီလကို အသိတရား ဖြင့်လည်းကောင်း၊-

6 အသိ တရားကို မိမိကိုယ်ကိုချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းကို တည်ကြည်ခိုင်မာခြင်းဖြင့် လည်းကောင်း၊ တည်ကြည်ခိုင်မာခြင်းကို ဘုရားတရား ကြည်ညိုခြင်းဖြင့်လည်းကောင်း၊-

7 ဘုရားတရားကြည် ညိုခြင်းကို ညီအစ်ကိုတို့အား သနားကြင်နာခြင်းဖြင့် လည်းကောင်း၊ ညီအစ်ကိုတို့အား သနားကြင်နာ ခြင်းကို ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း ဖြည့်စွက်အကျိုးပြုနိုင်ကြရန် အစွမ်းကုန်ကြိုးစားကြလော့။-

8 ဤပါရမီများကို ကြွယ်၀စွာ သင်တို့ပိုင်ဆိုင်ကြပါလျှင် ဤအရာတို့သည် သင်တို့အား ငါတို့၏ယေဇူးသခင်ခရစ်တော် ကိုသိရှိရာ၌ အသက်ဝင်ပြီး အကျိုးဖြစ်ထွန်းစေလိမ့်မည်။-

9 ဤပါရမီ များနှင့်ကင်းသောသူသည် မျက်စိကန်း၍ အမြော်အမြင် နည်းပါးပြီး မိမိသည် ယခင်က ပြုခဲ့သောအပြစ်များမှ ဆေး ကြောသန့်စင်ခြင်းခံခဲ့ရပြီးဖြစ်သည်ကို မေ့လျော့နေလေပြီ။-

10 ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့၏ခေါ်တော်မူခြင်း နှင့် ရွေးကောက်ခံရခြင်းတို့ကို တည်မြဲစေရန် ပိုမို၍ စိတ်အား ထက်သန်ကြပါလော့။ အကြောင်းမူကား သင်တို့ သည် ဤသို့ပြုလုပ်ကြလျှင် မည်သည့်အခါမျှလဲကျလိမ့် မည်မဟုတ်ပေ။-

11 ဤသို့ဖြင့် သင်တို့သည် ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေဇူးခရစ်တော်၏ ထာ၀ရနိုင်ငံတော်သို့ ဝင်ရောက်ခွင့်ကို အပြည့်အဝရရှိ ကြလိမ့်မည်။

12 သို့ဖြစ်၍ သင်တို့သည် ဤအကြောင်းအရာများကို သိရှိကြလျက် မိမိတို့ခံယူထားသောသမ္မာတရားတော်၌ အတည်တကျ ရှိပြီးသော်လည်း ငါသည် ဤအရာများကို သင်တို့အား အစဉ်အမြဲသတိပေးနှိုးဆော်မည်ဟု ရည်ရွယ်ထား၏။-

13 ငါသည် ဤကိုယ်ခန္ဓာ၌ အသက်ရှင်နေသမျှ သင်တို့အား သတိပေးနှိုးဆော်ခြင်းဖြင့် နိုးကြားတက်ကြွစေသင့်သည်ဟု ငါယူဆ၏။-

14 အဘယ်ကြောင့် ဆိုသော် ငါတို့၏သခင် ယေဇူးခရစ်တော်သည် ငါ့အား ဗျာဒိတ်ပေးတော်မူသည့်အတိုင်း ဤကိုယ်ခန္ဓာအား ငါ စွန့်ခွာရမည့်အချိန်သည် မကြာမီရောက်ရှိတော့မည်ကို ငါသိသောကြောင့်ဖြစ်၏။-

15 ဤလောကမှ ငါထွက်ခွာ သွားပြီးနောက် ဤအရာများကို သင်တို့အစဉ်သတိရနေ စေရန် ငါသည် ကြိုးစားအားထုတ်မည်။

16 အကြောင်းမူကား ငါတို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏ဘုန်းတန်ခိုးတော်နှင့် ကြွလာတော်မူခြင်းတို့ ကို သင်တို့အား ဟောပြောခဲ့သောအခါက ပါးနပ်စွာ ဖန်တီးထားသောဒဏ္ဍာရီပုံပြင်များအပေါ် အခြေခံ၍ ဟောပြောခဲ့ခြင်းမဟုတ်ပေ။ ငါတို့ ကိုယ်တိုင်ပင် ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ဖူးမြင်၍ သက်သေခံခဲ့ရသူများ ဖြစ်ကြ၏။-

17 အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အဖခမည်းတော်ဘုရားထံမှ ဂုဏ်သရေတော်နှင့် ဘုန်းဂုဏ်တော်တို့ကို ခံယူတော် မူသောအခါ အကြီးမြတ်ဆုံး သောဘုန်းဂုဏ်တော်အရှင်ထံမှ အသံထွက်ပေါ်လာသည်ကား ဤသူသည် ငါအလွန်နှစ်သက်မြတ် နိုးသော ငါ၏ချစ်သားဖြစ်သည်ဟူ၍ဖြစ်သတည်း။-

18 ငါတို့သည် သန့်ရှင်းသောတောင်ပေါ်တွင် ကိုယ်တော်နှင့်အတူရှိနေ ခဲ့ကြသောကြောင့် ကောင်းကင်မှထွက်ပေါ်လာသော ဤအသံကိုကြားခဲ့ကြ၏။-

19 ထို့ပြင် ငါတို့၌ ယင်းအချက်ကို ပို၍သေချာစေသော ပရောဖက်၏ဟောကြားချက်လည်းရှိ၏။ သင်တို့သည် ဤဟောကြား ချက်ကိုကောင်းစွာသတိပြုဆင်ခြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤဟောကြားချက်သည် သင်တို့၏စိတ်နှလုံး၌ အရုဏ်ဦးရောက်၍ မိုးသောက်ကြယ်ပေါ်ထွက်သည့် အချိန်တိုင်အောင် အမှောင်ထု၌ ထွန်းလင်းလျက်ရှိသော မီးအိမ်ကဲ့ သို့ဖြစ် ၏။-

20 ကျမ်းစာတော်မြတ်တွင်ပါရှိသော ပရောဖက်တို့၏ဟောကြားချက်ကို မည်သူမျှ မိမိဆန္ဒ အလျောက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း မပြုနိုင်ကြောင်း ရှေးဦးစွာ သင်တို့နားလည်ကြရမည်။-

21 အကြောင်းမူကား မည်သည့်ပရောဖက်ဟောကြားချက်မျှ လူ၏အလိုဆန္ဒမှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဝိညာဉ်တော်မြတ် ၏နှိုးဆော် ခြင်းခံရသောလူတို့က ဘုရားသခင်အတွက် ပြောဆိုဟောပြောချက်သာဖြစ်၏။

Ler em outra tradução

Comparar lado a lado