2 Coríntios 1

BURCBCM

1 ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေဇူး၏တမန်တော်ဖြစ်သူ ငါပေါလုနှင့် ငါတို့၏ ညီအစ်ကိုဖြစ်သူ တီမောသီဦးထံမှ ကောရိန့်မြို့၌ရှိသော ဘုရားသခင်၏အသင်းတော်နှင့် အာခါယာတစ်ပြည်လုံးတွင်ရှိသော သန့်ရှင်း သူအပေါင်းတို့ထံသို့ စာရေးလိုက်ပါသည်။-

2 ငါတို့၏အဖဘုရားသခင်နှင့် ယေဇူးခရစ်တော် သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေ။ ကျေးဇူးတော်ကိုချီးမွမ်းခြင်း

3 ငါတို့သခင် ယေဇူးခရစ်တော်၏ခမည်းတော်၊ သနားကရုဏာတော်နှင့်ပြည့်စုံတော်မူသောအဖ၊ နှစ်သိမ့်မှု အလုံးစုံကိုပေး တော်မူ သောဘုရားသခင်အား မင်္ဂလာရှိ စေသတည်း။-

4 ကိုယ်တော်သည် ငါတို့ဒုက္ခဆင်းရဲခံရချိန် တိုင်း၌ ငါတို့ကို အားပေးနှစ်သိမ့်တော်မူ၏။ ဤသို့ဖြင့် ငါတို့သည် ငါတို့ကိုယ်တိုင် ဘုရားသခင်ထံမှရရှိခဲ့ကြ သောနှစ်သိမ့်မှုဖြင့် အတိဒုက္ခရောက်နေကြသောသူတို့ အားနှစ်သိမ့်ပေးနိုင်မည်ဖြစ်၏။-

5 အကြောင်းမူကား ငါတို့သည် ခရစ်တော်၏ဝေဒနာခံစားခြင်း၌ အတိုင်းထက် အလွန်ပါဝင်ခံစားကြသောကြောင့် ခရစ်တော်အားဖြင့် နှစ်သိမ့်ခြင်းကိုလည်း အတိုင်းထက်အလွန်ရရှိကြ၏။-

6 ငါတို့သည် ဆင်းရဲဒုက္ခခံကြရပါလျှင် ၎င်းသည် သင်တို့၏ နှစ်သိမ့်ခြင်းနှင့် ကယ်တင်ခြင်းအတွက်ဖြစ်၏။ ငါတို့သည် နှစ်သိမ့်ခြင်းခံရလျှင် သင်တို့သည်လည်း နှစ်သိမ့်ခြင်းခံရ၍ ငါတို့ခံစားခဲ့ရသောဆင်းရဲဒုက္ခကို သည်းခံစိတ်နှင့် ခံထမ်းနိုင် မည့်ခွန်အားကျေးဇူးကို သင်တို့ရရှိကြ၏။-

7 သင်တို့၌ထားရှိသည့် ငါတို့၏မျှော်လင့်ခြင်းသည် မည်သည့် အခါမျှ ယိမ်းယိုင်မည်မဟုတ်။ အကြောင်းမူကား သင်တို့ သည် ငါတို့ခံရသည့်ဆင်းရဲဒုက္ခများကိုခံကြရသည့်နည်းတူ ငါတို့ရရှိသည့်နှစ်သိမ့်မှုမျိုးကိုလည်း ရရှိကြလိမ့်မည် ဖြစ်ကြောင်းငါတို့ သိကြ၏။

8 ညီအစ်ကိုတို့၊ အာရှပြည်တွင် ငါတို့ခံခဲ့ရသည့်ဒုက္ခ ဆင်းရဲကို သင်တို့မသိရှိဘဲနေစေရန် ငါတို့အလိုမရှိပေ။ အကြောင်းမူကား ငါတို့သည် ဆင်းရဲဒုက္ခကို မခံမရပ်နိုင် အောင် အပြင်းအထန်ခံခဲ့ရသောကြောင့် အသက်ရှင်ရန် ပင် မျှော်လင့်ချက်ကင်းမဲ့ခဲ့ကြ၏။-

9 ငါတို့သည် သေဒဏ်စီ ရင်ခြင်းခံကြရလေပြီဟု မိမိတို့ကိုယ်ကိုထင်မှတ်ခဲ့ကြ၏။ သို့ရာတွင် ဤသို့ထင်မှတ်ခြင်းသည် ငါတို့အား မိမိတို့ ကိုယ်ကို အားမကိုးဘဲ သေသူတို့ကိုထမြောက်စေတော် မူသောဘုရားသခင်အပေါ် အားကိုးကြစေရန်ဖြစ်၏။-

10 ကိုယ်တော်သည် ငါတို့ကို အလွန်ပင်ကြောက်မက်ဖွယ် ကောင်းသောဘေးအန္တရာယ်မှကယ်တင်ခဲ့၍ နောင်တွင် လည်း ကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည် ငါ တို့အား တစ်ဖန်ကယ်တင်တော်မူဦးမည်ဟူ၍ ငါတို့သည် ကိုယ်တော်၌ မျှော်လင့်ထားကြ၏။-

11 သင်တို့သည်လည်း ဆုတောင်းပတ္ထနာအားဖြင့် ငါတို့ကိုကူညီကြရမည်။ ဤ သို့ဖြင့် များစွာသောဆုတောင်းပတ္ထနာ တို့ကြောင့် ငါတို့ ရရှိသောကောင်းချီးမင်္ဂလာများအတွက် မြောက်မြားစွာ သောလူတို့သည် ငါတို့ကိုယ်စား ကျေးဇူးတော်ကို ချီးမွမ်း ကြလိမ့်မည်။

12 ငါတို့သည် ဤလောက၌ နေထိုင်အသက်ရှင်ရာတွင်၊ အထူးသဖြင့် သင်တို့အပေါ်ဆက်ဆံရာတွင် လောကအသိဉာဏ် ကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူး တော်ကိုအမှီပြု၍ သန့်ရှင်းမွန်မြတ်ခြင်းနှင့် ဘုရားသခင် ထံတော်မှလာသည့်ရိုးသား သောစိတ်တို့ဖြင့် ဆက်ဆံခဲ့ ကြကြောင်းကို ငါတို့၏အသိစိတ်အတွင်းက သက်သေ ခံ၍ ထိုသက်သေခံချက်မှာ ငါတို့အတွက် ဂုဏ်ယူဝင့် ကြွားစရာအကြောင်းဖြစ်လေ၏။-

13 အကြောင်းမူကား ငါတို့သည် သင်တို့ဖတ်ရှုနားလည်နိုင်သည့်အကြောင်း အရာတို့မှလွဲ၍ မည်သည့်အရာကိုမျှ သင်တို့ ထံသို့မရေး သားပေ။-

14 သင်တို့သည် တစ်စိတ်တစ်ဒေသအားဖြင့်သာ နားလည်ခဲ့ကြသည့်အတိုင်း ငါတို့၏သခင် ယေဇူးကြွ လာတော်မူသောနေ့၌ ငါတို့သည် သင်တို့အတွက် ဂုဏ်ယူကြသကဲ့သို့ သင်တို့သည်လည်း ငါတို့အတွက် ဂုဏ်ယူမည့်အကြောင်းကို သင်တို့ပြည့်စုံစွာ သိရှိနားလည် ကြမည်ဟု ငါမျှော်လင့်၏။

15 ငါသည် ဤအချက်၌ ယုံကြည်စိတ်ချထားသောကြောင့် သင်တို့အား ပျော်ရွှင်ကြည်နူးမှုကိုနှစ်ဆတိုး၍ ခံစားနိုင်ကြ စေခြင်းငှာ သင်တို့ထံသို့ ပထမဦးစွာလာရန် အလိုရှိခဲ့၏။-

16 ငါသည် မာစီဒိုးနိယပြည်သို့အသွားတွင် တစ်ကြိမ်၊ အပြန်တွင်တစ်ကြိမ် သင်တို့ထံသို့ဝင်ရန် အလိုရှိခဲ့၏။ ဤသို့ဖြင့် သင်တို့သည် ငါ့အား ဂျူဒေးယ ပြည်သို့သွားမည့်ခရီးအတွက် ကူညီနိုင်ပေလိမ့်မည်။-

17 ငါသည် ဤသို့ပြုလုပ်လိုခဲ့သည့်အတွက် မပြတ်မသားဖြစ် နေပါသလော။ ငါသည် တစ်ချိန်တည်းတွင်ပင် ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်ပါဟူ၍လည်းကောင်း ပြော ဆို၍ ငါ၏ခရီးစဉ်များကို လောကီသားကဲ့သို့ စီစဉ်နေပါ သလော။-

18 ဘုရားသခင်သည် အမှန်စင်စစ်သစ္စာရှိတော် မူသကဲ့သို့ သင်တို့အား ငါတို့ပြောဆိုသောစကားသည်လည်း ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်ပါဟူ၍ လည်းကောင်း မဖြစ်ခဲ့ပေ။-

19 အကြောင်းမူကား သင်တို့ အလယ်၌ တီမောသီဦး၊ ဆီဗားနုနှင့် ငါတို့ဟောပြောကြေ ညာခဲ့သော ဘုရားသခင်၏သားတော် ယေဇူးခရစ်တော် သည် တစ်ချိန်တည်းတွင်ပင် ဟုတ်သည်ဟူ၍လည်း ကောင်း၊ မဟုတ်ပါဟူ၍လည်းကောင်း ဖြစ်တော်မမူချေ။ ကိုယ်တော်သည်ကား အစဉ်အမြဲဟုတ်သည်ဟူ၍သာ ဖြစ်တော်မူ၏။-

20 အကြောင်းမူကား ဘုရားသခင်၏ကတိ တော်အပေါင်းတို့သည် ကိုယ်တော်၌ ဟုတ်သည်ဟူ၍ ဖြစ်လာကြ၏။ ဤအကြောင်းကြောင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုချီးမွမ်းရန် ငါတို့သည် ကိုယ်တော့်ကို အမှီပြု၍ အာမင်ဟုဆိုခြင်း ဖြစ်၏။-

21 သို့သော် ငါတို့အား သင်တို့နှင့်အတူ ခရစ်တော်၌တည်နေစေ၍ ဘိသိက် သွန်းလောင်းပေးတော်မူသော အရှင်မှာ ဘုရားသခင်ဖြစ်၏။-

22 ကိုယ်တော်သည် မိမိ၏တံဆိပ်တော်ကို ငါတို့အပေါ် ၌ ခတ်နှိပ်တော်မူ၍ အာမခံချက်အဖြစ် ငါတို့၏စိတ်နှလုံး ထဲ၌ ဝိညာဉ်တော်ကို သွန်းလောင်းပေးတော်မူလေပြီ။

23 ကောရိန့်မြို့သို့မလာရန် ငါဆုံးဖြတ်ခဲ့ခြင်းမှာ သင်တို့ကိုသက်ညှာလို၍ဖြစ်ကြောင်း ဘုရားသခင်ကို သက်သေအဖြစ်တိုင် တည်၍ ငါပြောဆိုပါ၏။-

24 ငါတို့သည် သင်တို့၏ယုံကြည်ခြင်းအား ချုပ်ကိုင်နေခြင်းမဟုတ်ပေ။ ငါတို့သည် သင်တို့၏ဝမ်းမြောက်ခြင်းအတွက် သင်တို့နှင့် အတူလုပ်ဆောင်နေခြင်းဖြစ်၏။ အကြောင်းမူကား သင်တို့သည် သင်တို့၏ယုံကြည်ခြင်း၌ ခိုင်မာစွာရပ်တည်ကြ သောကြောင့်ဖြစ်၏။

Ler em outra tradução

Comparar lado a lado