1 Coríntios 12

BURCBCM

1 ညီအစ်ကိုတို့၊ ငါသည် သင်တို့အား ဝိညာဉ်တော်နှင့်ဆိုင်သောဆုကျေးဇူးတော်များအကြောင်း ကိုသိစေရန်အလိုရှိ၏။-

2 သင်တို့သည် ဘာသာခြားများ ဖြစ်ခဲ့စဉ်က အသက်မဲ့သောရုပ်တုတို့ကို ကိုးကွယ်ရန် သွေးဆောင်ခြင်းခံခဲ့ရ၍ လမ်းလွဲခဲ့ ကြသည် ကို သင်တို့ သိကြ၏။-

3 ထို့ကြောင့် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် လှုံ့ဆော်မှုခံရသူတို့တွင် မည်သူကမျှ ယေဇူးအား ကျိန်စာသင့်ပါစေ ဟူ၍မပြောဆိုနိုင်ကြောင်းကိုလည်းကောင်း၊ မည်သူကမျှလည်း ဝိညာဉ်တော်မြတ်၏လှုံ့ဆော်ခြင်းမှလွဲ၍ ယေဇူးသည် အရှင်သခင်ဖြစ်ပါသည်ဟူ၍ ဝန်မခံနိုင်ကြောင်းကိုလည်းကောင်း သင်တို့အားသိနားလည်စေလို၏။

4 ဆုကျေးဇူးတော်အမျိုးမျိုးရှိသော်လည်း ၎င်းတို့ကို ဝိညာဉ်တော်တစ်ပါးတည်းက ပေးတော်မူခြင်းဖြစ်၏။-

5 ထို့အတူ အစေခံခြင်းအမှုအမျိုးမျိုးရှိသော်လည်း ငါတို့ အစေခံနေသည့်သခင်မှာ တစ်ပါးတည်းသာဖြစ်၏။-

6 အမှုတော်ဆောင်ရန် တာဝန်အမျိုးမျိုးရှိသော်လည်း ၎င်းတို့ကိုလုပ်ဆောင်ရန် လူတိုင်းအား တာဝန်အသီးသီးပေးသနား သောသခင်သည် တစ်ပါးတည်းသာ ဖြစ်တော်မူ၏။-

7 အများကောင်းကျိုးအတွက် လူအသီးသီး၌ ဝိညာဉ်တော်ဘုရားအား ပေါ်လွင်ထင်ရှားစေနိုင်သည့်အခွင့်ကို ပေးထားလျက် ရှိ၏။-

8 ဝိညာဉ်တော်သည် လူတစ်ဦးအား ဉာဏ်ပညာဖြင့် ပြောဆိုနိုင်သောအခွင့်ကိုပေးတော်မူ၍ အခြားတစ်ဦးအား အသိပညာဖြင့် ထုတ်ဖော်ပြောဆိုနိုင် သောအခွင့်ကိုပေးတော်မူ၏။-

9 ထိုဝိညာဉ်တော်ကပင် လူတစ်ဦးအား ယုံကြည်ခြင်းကျေးဇူးကိုလည်းကောင်း၊ အခြားတစ်ဦးအား အနာရောဂါကိုကုသ ပျောက်ကင်းစေ နိုင်သောတန်ခိုးကိုလည်းကောင်း၊-

10 နောက်တစ်ဦးအား အံ့ဖွယ်ရာများကို ပြနိုင်သောတန်ခိုးကိုလည်းကောင်း၊ အခြားတစ်ဦးအား ပရောဖက်ဉာဏ်နှင့် ဟောနိုင် သော အခွင့်ကိုလည်းကောင်း၊ နောက်တစ်ဦးအား ဝိညာဉ်တော်မှရရှိသောဆုကျေးဇူးတော်များဟုတ်မဟုတ် ပိုင်းခြားသိ ရှိနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ဘာသာစကားအမျိုးမျိုးပြောဆိုနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားသူတစ်ဦးအား ဘာသာစကားအမျိုးမျိုး ၏အနက်အဓိပ္ပာယ်ကို ပြန်ဆိုနိုင်သောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။-

11 ဤဆုကျေးဇူးများကိုပေးသနား တော်မူသောအရှင်ကား ဝိညာဉ်တော်တစ်ပါးတည်းသာ ဖြစ်တော်မူ၏။ ကိုယ်တော်သည် လူတစ်ဦးစီအား မိမိ အလိုရှိသည့်အတိုင်း ဆုကျေးဇူးကိုပေးတော်မူ၏။

12 အကြောင်းမူကား ကိုယ်ခန္ဓာတစ်ခုတည်း၌ ကိုယ် အင်္ဂါအစိတ်အပိုင်းများစွာရှိပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း အားလုံးသည် အရေအတွက်အားဖြင့်များသော်လည်း ကိုယ်ခန္ဓာတစ်ခုတည်းအဖြစ် တည်ရှိကြသကဲ့သို့ ခရစ်တော်၌လည်း ထိုနည်းတူပင်ဖြစ် ၏။-

13 အဘယ်ကြောင့် ဆိုသော် ငါတို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော် တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းအဖြစ် ဆေးကြောခြင်းခံယူခဲ့ကြ၏။ ငါတို့အားလုံးသည် ဝိညာဉ် တော်တစ်ပါးတည်းထံမှ သောက်သုံးခဲ့ကြရ၏။

14 လူ၏ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်းတစ်ခု တည်းသာရှိသည်မဟုတ်ဘဲ များစွာသောအင်္ဂါအစိတ် အပိုင်းတို့ရှိကြ၏။-

15 ခြေက ငါသည် လက်မဟုတ်သောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်ဟုဆိုရုံမျှနှင့် ကိုယ်ခန္ဓာ၏ အင်္ဂါအစိတ်အပိုင်းတစ်ခု မဖြစ်ဘဲနေမည်မဟုတ်။-

16 နားကလည်း ငါသည် မျက်စိမဟုတ်သောကြောင့် ဤကိုယ်ခန္ဓာနှင့်မဆိုင်ဟုဆိုရုံမျှနှင့် ကိုယ်ခန္ဓာ၏အစိတ်အပိုင်း မဖြစ်ဘဲ နေမည်မဟုတ်။-

17 ကိုယ်ခန္ဓာတစ်ခုလုံးသည် မျက်စိသာ ဖြစ်ခဲ့ပါလျှင် မည်ကဲ့သို့ကြားနိုင်မည်နည်း။ ကိုယ်ခန္ဓာတစ်ခုလုံးသည် နားသာဖြစ်ခဲ့ ပါလျှင် မည်ကဲ့ သို့အနံ့ခံနိုင်ပါမည်နည်း။

18 သို့ရာတွင် ဘုရားသခင်သည် မိမိအလိုရှိသည့်အတိုင်း ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်းအသီးသီးကို သူ့နေရာနှင့်သူရှိစေ တော်မူ၏။-

19 အင်္ဂါအစိတ်အပိုင်း အားလုံးသည် တစ်ခုတည်းသာဖြစ်ခဲ့ပါလျှင် ကိုယ်ခန္ဓာသည် အဘယ်မှာရှိမည်နည်း။-

20 အမှန်စင်စစ် အင်္ဂါအစိတ် အပိုင်းများစွာရှိသော်လည်း ကိုယ်ခန္ဓာတစ်ခုတည်းသာရှိ၏။-

21 ထို့ကြောင့် မျက်စိက လက်အား ငါသည် သင့်ကို မလိုအပ်ဟုမဆိုနိုင်။ ထို့အတူ ဦးခေါင်းကလည်း ခြေအား ငါသည် သင့်ကို မလိုအပ်ဟု မဆိုနိုင်ချေ။-

22 အမှန်စင်စစ် အားနည်းဟန်ရှိသောကိုယ်အင်္ဂါတို့သည် မရှိမဖြစ်အသုံးဝင်ကြ၏။-

23 ဂုဏ်ငယ်သည်ဟုထင်ရသောကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ငါတို့သည်ပို၍ဂရုစိုက်ကြ၏။ မတင့်တယ်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပို၍ပင် တင့်တယ်စွာထားရှိကြ၏။-

24 လှပတင့်တယ်သောကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ကိုမူကား ထိုသို့ပြုလုပ်ရန်မလိုအပ်ပေ။-

25 သို့သော် ဘုရားသခင်သည် ဂုဏ်ငယ်သောကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပို၍ဂုဏ်ကျက်သရေရှိစေခြင်းဖြင့် ကိုယ်ခန္ဓာကို မျှတစွာဖွဲ့စည်းထားတော်မူသောကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် ကိုယ်ခန္ဓာအတွင်း၌ စိတ်ဝမ်းကွဲမှုမရှိဘဲ အချင်းချင်း တစ်ခုနှင့်တစ်ခု တူညီစွာ အကျိုးပြုလျက်ရှိကြ၏။- ၂၆. ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အခြားသောအစိတ်အပိုင်းများ အားလုံးသည်လည်း အတူတကွ ခံစားကြရ၏။ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဂုဏ်ပြုချီးမွမ်းခြင်းခံရလျှင် အားလုံးသောအစိတ်အပိုင်းများသည် အတူ တကွဝမ်းမြောက်ရွှင်လန်းကြ၏။

27 သို့ဖြစ်၍ သင်တို့သည် ခရစ်တော်၏ကိုယ်ခန္ဓာတော်ဖြစ်ကြ၍ သင်တို့တစ်ဦးစီသည် ထိုကိုယ်ခန္ဓာတော်၏အင်္ဂါအစိတ် အပိုင်းများဖြစ်ကြ၏။-

28 ဘုရားသခင်သည် အသင်းတော်ထဲတွင် တာဝန်ခန့်အပ်ရာ၌ ပထမဦးစွာ တမန်တော်များကိုလည်းကောင်း၊ ဒုတိယအနေ နှင့် ပရောဖက်များကိုလည်းကောင်း၊ တတိယအနေနှင့်သွန်သင်သူများကိုလည်းကောင်း၊ ပြီးလျှင်အံ့ဖွယ်လက္ခဏာ များကိုပြ သော သူတို့ကိုလည်းကောင်း၊ ထို့နောက်မှ အနာရောဂါများကိုပျောက်ကင်းစေနိုင်သူများ၊ သူတစ်ပါးကို ကူညီသူများ၊ ရှေ့ဆောင်လမ်းပြနိုင်စွမ်းရှိသူများ၊ ဘာသာစကားအမျိုးမျိုးပြောဆိုနိုင်သူများအသီးသီးတို့ကို လည်းကောင်း ခန့်ထားတော် မူ၏။-

29 ထိုသူအားလုံးတို့ သည် တမန်တော်များဖြစ်ကြသလော။ အားလုံးသည် ပရောဖက်များဖြစ်ကြသလော။ အားလုံးသည် သွန်သင် သောဆရာများဖြစ်ကြသလော။ အားလုံးသည် အံ့ဖွယ်လက္ခဏာများကိုပြနိုင်ကြသလော။-

30 လူအားလုံးတို့၌ အနာရောဂါပျောက်ကင်းစေနိုင်သည့်ဆုကျေးဇူးရှိကြ သလော။ အားလုံးသည် ဘာသာစကားအမျိုးမျိုးကို ပြော ဆိုနိုင်ကြသလော။ အားလုံးသည် ဘာသာစကား၏ အနက်အဓိပ္ပာယ်ကို ပြန်ဆိုနိုင်ကြသလော။

31 သင်တို့သည် ပိုမိုမြင့်မြတ်သောဆုကျေးဇူးများကို ရရှိရန်ကြိုးပမ်းအားထုတ်ကြလော့။ ငါသည်လည်း သင် တို့အား အမွန်မြတ်ဆုံးလမ်းကို ဖော်ပြမည်။

Ler em outra tradução

Comparar lado a lado